တိုင်းရင်းဆေးပညာလောက တိုးတက်လာစေရန်အတွက် ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာတွင် အရည်အချင်းရှိသူကို ပြောင်းလဲခန့်အပ်ပေးရန်နှင့် လူမှန်နေရာမှန်ဖြစ်ရေး လုပ်ဆောင်ပေးရန် အစိုးရသစ်တွင်တာဝန်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား

တိုင်းရင်းဆေးပညာလောက တိုးတက်လာစေရန်အတွက် ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာတွင် အရည်အချင်းရှိသူကို ပြောင်းလဲခန့်အပ်ပေးရန်နှင့် လူမှန်နေရာမှန်ဖြစ်ရေး လုပ်ဆောင်ပေးရန် အစိုးရသစ်တွင်တာဝန်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 8 August 2017

တိုင်းရင်းဆေးပညာလောက တိုးတက်လာစေရန်အတွက် ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာတွင် အရည်အချင်းရှိသူကို ပြောင်းလဲခန့်အပ်ပေးရန်နှင့် လူမှန်နေရာမှန်ဖြစ်ရေး လုပ်ဆောင်ပေးရန် အစိုးရသစ်တွင် တာဝန်ရှိကြောင်း သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။

သြဂုတ် ၇ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာများနှင့်တွေ့ဆုံရာတွင် တိုင်းရင်းဆေးဆရာလည်းဖြစ်သူ ဦးမြင့်ဦးက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တိုင်းရင်းဆေးပညာဦးစီးဌာနရှိ ညွှန်ကြားရေးမှူးချုပ်သည် တိုင်းရင်းဆေးဆရာမဟုတ်သည့်အပြင် ပြည်ထောင်စုဝန်ကြီး သိရှိခြင်းမရှိဘဲ အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်များအား လိုက်နာခြင်းမရှိဘဲ တိုင်းရင်းဆေးပညာရပ်များအပေါ် ဖိနှိပ်ခြင်းများ ပြုလုပ်နေခြင်းကြောင့် အရေးယူပေးရန်လည်း တိုင်းရင်းဆေးဆရာများနှင့် လွှတ်တော်ကိုယ်စားလှယ်က လက်မှတ်ရေးထိုး၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားကြောင်းလည်း ဦးမြင့်ဦးက ပြောကြားသည်။

“တိုင်းရင်းဆေးလောကသားတွေကတော့ ဒီလိုကျွမ်းလည်းမကျွမ်းကျင်၊ နားလည်းမလည်၊ အစီအငေါ်မတည့်တဲ့ ညွှန်ကြားရေးမှူးချုပ်ကြီးရှိနေသရွေ့ ဒီတိုင်းရင်းဆေးလောကက တိုးတက်မယ်လို့ မယုံကြည်ဘူး။ ကျွန်တော်လည်း မယုံကြည်ဘူး။ အဲဒီတော့ မယုံကြည်တဲ့အတွက် ဒါဟာလူမှန်နေရာမှန်လိုလုပ်ဖို့လို့ အစိုးရသစ်မှာ တာဝန်ရှိပါတယ်။ ဒါကိုအမြန်ဆုံးလုပ်ပေးဖို့လည်း ပြည်ထောင်စုဝန်ကြီး လုပ်ပိုင်ခွင့်ရှိပါတယ်။ သူ့ကိုအာဏာကုန် လွှဲအပ်ပြီးသားမှာပါ။ ဒီညွှန်ကြားရေးမှူးချုပ်ကို မလိုက်နာတာတွေကို အရေးယူပေးဖို့အတွက်၊ အစီအငေါ်တည့်တဲ့ မှန်မှန်ကန်ကန် အရည်အသွေးရှိတဲ့ ညွှန်ချုပ်တစ်ယောက်ကို တိုင်းရင်းဆေးလောကမှာ ခန့်ပေးဖို့၊ အခုဟာက အချိန်မနှောင်းဘဲနဲ့ မြန်မြန်လုပ်ဖို့လိုနေပါပြီ” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောကြားသည်။

လက်ရှိတွင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရာတွင် မလိုလားအပ်ဘဲ စစ်ဆေးမှုများပြုလုပ်ခြင်းကြောင့် အချိန်သုံးနှစ်အထိ ကြာမြင့်မှုများရှိနေကြောင်း ဦးမြင့်ဦးကဆိုသည်။

ထို့ပြင် သနပ်ပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဦးက မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်းတစ်ရပ်ကိုလည်း ဇူလိုင် ၂၅ ရက်က ပြည်သူ့လွှတ်တော်တွင် တင်သွင်းခဲ့သည်။

အဆိုပါဥပဒေကြမ်းကို ရေးဆွဲရခြင်း၏ ရည်ရွယ်ချက်များတွင် တိုင်းရင်းဆေးကောင်စီသည် ဒီမိုကရေစီစနစ်နှင့် လျော်ညီသော လွတ်လပ်စွာ ရပ်တည်ဆောင်ရွက်နိုင်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေရန်၊ တိုင်းရင်းဆေးပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အား ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုကို ထိရောက်စွာ ဖော်ဆောင်ပေးနိုင်သော အဓိပ္ပာယ်ပြည့်ဝသည့် ဖွင့်ဆိုချက်ဖြစ်စေရန်၊ တိုင်းရင်းသား ရိုးရာဆေးပညာရပ်များအား ဖော်ထုတ်အားပေးမြှင့်တင်နိုင်ရန်၊ အရည်အသွေးပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ တိုင်းရင်းဆေးဆရာများအား မိမိတို့၏ ကျင့်ဝတ်သိက္ခာနှင့် စည်းကမ်းများကို လိုက်နာစေရေး ကြီးကြပ်ထိန်းသိမ်းရန် စသည်တို့ပါဝင်ကြောင်း ဦးမြင့်ဦးက ပြောကြားထားသည်။