ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန နှစ်ခုတိုးချဲ့ဖွဲ့စည်းရန်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်တို့အား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော် သဘောတူ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန နှစ်ခုတိုးချဲ့ဖွဲ့စည်းရန်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်တို့အား ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော် သဘောတူ
Published 24 November 2017

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန နှစ်ခုတိုးချဲ့ဖွဲ့စည်းရန်နှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၊ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးကျော်တင်တို့ကို ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာ ၂၃ ရက်တွင် သဘောတူခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန နှစ်ခုတိုးချဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လက်ရှိတွင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသည့် ဦးသောင်းထွန်းကို ခန့်အပ်ရန် လျာထားကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးအဖြစ် လက်ရှိတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူနေသည့် ဦးကျော်တင်ကို ခန့်အပ်ရန် လျာထားကြောင်း သမ္မတက လွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန နှစ်ခုတိုးချဲ့ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ သမ္မတရုံး ဝန်ကြီးဟောင်း ဦးစိုးသိန်းက “ဝန်ကြီးဌာန နှစ်ခု တိုးချဲ့ခြင်းအပေါ် သဘောတူတယ်လို့ ကျွန်တော့်ဘက်က စဉ်းစားပေးမယ်ဆိုရင် View မှာ တင်ပြထားတဲ့ ကျန်တဲ့ Work Load  များတဲ့ ဝန်ကြီးဌာနတွေကိုလည်း ပြန်လည်သုံးသပ်ပြီး အမြန်တိုးချဲ့ပေးမယ်ဆိုရင် ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့ လုပ်ကိုင်အကောင်အထည် ဖော်ဆောင်မှုမှာ ပိုမိုတိုးတက် အားကောင်းလာမယ်လို့ လေးလေးနက်နက် အကြံပြုလိုပါတယ်”ဟု ဆွေးနွေးပြောကြားသည်။

ထို့အတူ ဝန်ကြီးဌာန အသီးသီးတွင် ဒုတိယဝန်ကြီးများ ပြည့်ပြည့်စုံစုံ ခန့်ထားပေးမည်ဆိုပါက လွှတ်တော်များတွင် မေးခွန်းများ ဖြေကြားရခြင်း၊ ပြည်တွင်းလှည့်လည် စစ်ဆေးမှုများ ပြုရခြင်း၊ ဝန်ထမ်းများအား ဖိဖိစီးစီး ပြုပြင်ပေးနိုင်ခြင်း၊ ပြည်သူနှင့် ထိတွေ့နိုင်ခြင်းများ ပိုမိုအသက်ဝင်လာမည် ဖြစ်ကြောင်း ဦးစိုးသိန်းက ထပ်မံအကြံပြု ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန နှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းရန်အတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူကာ သဘောတူညီ အတည်ပြုခဲ့သည်။

ထို့အတူ ပြည်ထောင်စုလွှတ်တော်က အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လက်ရှိ နိုင်ငံခြားရေးဒုဝန်ကြီး ဦးကျော်တင် အား ခန့်အပ်တာဝန်ပေးရန် လျာထားမှုအပေါ် ကန့်ကွက်မည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် လျာထားသည့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကို ကယားပြည်နယ် မဲဆန္ဒနယ်အမှတ် (၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ဝန်ကြီးဟောင်း ဦးစိုးသိန်းက ကန့်ကွက်ကြောင်းအဆိုကို တင်သွင်းမည်ဖြစ်ကြောင်း အမည်စာရင်း တင်သွင်းထားသည့်အတွက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ကန့်ကွက်ကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားများနှင့်အတူ တင်ပြခိုင်းခဲ့သည်။

သို့သော် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးသိန်းက ခိုင်လုံသည့်သက်သေ အထောက်အထားကို တင်ပြနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည့်အတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးလိုသည့် ဦးသောင်းထွန်းအား ကန့်ကွက်မှုသည် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှုမရှိကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ထို့ကြောင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအတွက် ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသောင်းထွန်းအား ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့သည်။

“ကျွန်တော်က အရင်အစိုးရထဲမှာ လုပ်လာတာကိုး။ ဦးသောင်းထွန်းနဲ့ အရင်အစိုးရနဲ့ ဂျော့ဆိုးရော့စ် ပတ်သက်တာ ကျွန်တော်အသိဆုံးပေါ့။ လူသက်သေက ကျွန်တော်ဗျာ။ ဒါပေမဲ့ အချိန်တိုတဲ့အခါကျတော့ အထောက်အထား တင်ပြဖို့က သက်သေက ကျွန်တော်ပဲ ဖြစ်နေတယ်လေ။ နောက်တစ်ချက်က သူ့ရဲ့ ကိုယ်ရေးရာဇဝင် တင်ပြတဲ့အခါ ဂျော့ဆိုးရော့စ်ဆီမှာ လုပ်ခဲ့တာတွေ ဖျောက်ထားတယ်။ နောက်တစ်ခုက အမေရိကားကို အီးမေးလ် ပို့ထားတယ်။ အဲဒီက စာလာမှ အထောက်အထား တင်နိုင်မှာကိုး။ ကျွန်တော့် အထောက်အထားက အချိန်မီ မရောက်ဘူးဆိုတဲ့ သဘောနဲ့ပဲပေါ့။ သူ့ကိုယ်သူ အသိဆုံးပေါ့။ ဂျော့ဆိုးရော့စ်အောက်မှာ လုပ်ခဲ့တယ်ဆိုတာ သူဖော်ပြရမယ်လေ။ ရိုးသားရင် ဖော်ပြလေ။ မရိုးသားလို့ မဖော်ပြဘူးလို့ ကျွန်တော် ယူဆတယ်။ နောက်တစ်ခါ ဂျော့ဆိုးရော့စ်က အမေရိကားမှာ ပေါက်ရောက်တဲ့သူဖြစ်တော့ တစ်ချိန်မှာ နိုင်ငံတော်လုံခြုံရေးသော်လည်း သူခန့်ထားတဲ့သူဆိုရင် တရုတ်-မြန်မာဆက်ဆံရေးတောင် ထိခိုက်နိုင်တယ်လေ။ ဦးသောင်းထွန်းနဲ့ ကျွန်တော်နဲ့ခင်တယ်။ ကျွန်တော် ဒီအတိုင်း ငြိမ်ငြိမ်လေးနေလည်း ဘာမှမဖြစ်ဘူး။ တိုင်းပြည်အတွက် ပြောတာ။ ဒီအကြောင်းတွေကို အသိဆုံးက ကျွန်တော်ဖြစ်နေလို့။ အထောက်အထားက လတ်တလောမှာ ခက်တာပေါ့။ သူ့ကို မရစေချင်တဲ့ဆန္ဒ ရှိတာမဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူတွေကို သိစေချင်လို့ ဒီမက်ဆေ့ချ်ကို ပေးတာ” ဟု ဦးစိုးသိန်းက မီဒီယာများကို ပြောကြားသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဖွဲ့စည်းဆောင်ရွက်ရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ လက်ရှိ ဝန်ထမ်းဖွဲ့စည်းပုံ အင်အားဖြင့်ပင် ဆောင်ရွက်မည်ဖြစ်ပြီး နိုင်ငံတော်၏ဘဏ္ဍာငွေ ပိုမိုကုန်ကျမည် မဟုတ်ပါကြောင်း နိုင်ငံတော်သမ္မတ ကိုယ်စားပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြထားသည်။

လက်ရှိတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သည့် အစိုးရအဖွဲ့တွင် ပြည်ထောင်စုဝန်ကြီးဌာနမှာ စုစုပေါင်း ၂၄ ခုအထိ ရှိလာမည်ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီးမှာလည်း ၂၃ ဦးအထိ ရှိလာမည် ဖြစ်သည်။

Most Read

Most Recent