အလိုရှိသည့်ပုံစံမျိုး မကစားနိုင်ခဲ့ဟု အာဆင်နယ်အသင်းနည်းပြ မှတ်ချက်ပြု

အလိုရှိသည့်ပုံစံမျိုး မကစားနိုင်ခဲ့ဟု အာဆင်နယ်အသင်းနည်းပြ မှတ်ချက်ပြု
Photos : AFP
Photos : AFP
Published 16 April 2019

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက ဝက်ဖို့ဒ်အသင်းအား (၁-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲအပြီးတွင် အသင်းမှာ ၎င်းအလိုရှိသလောက် မကစားနိုင်ခဲ့ကြောင်း သုံးသပ်ခဲ့သည်။ 

အာဆင်နယ်အသင်းသည် ယင်းပွဲတွင် အူဘာမီယန်း (၁၀)မိနစ်၌သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ပြီး တစ်မိနစ်အကြာတွင် ဝက်ဖို့ဒ်တိုက်စစ်မှူး ဒီးနီ တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသဖြင့် ပွဲချိန်မိနစ်(၈၀)ကျော်ကို တစ်ယောက်အသာဖြင့် ကစားခဲ့ရခြင်းဖြစ်သည်။

'' ဒီနေ့ပွဲက အကြိတ်အနယ်ရှိခဲ့ပေမယ့် ကျွန်တော်တို့က ပွဲကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒုတိယဂိုးထပ်သွင်းဖို့ မလွယ်ကူခဲ့ပါဘူး။ Attacking Third Zone မှာ ဘောလုံးလည်း ကောင်းကောင်းကိုင်မကစားနိုင်ခဲ့ပါဘူး။ Clean Sheet တစ်ခုက အရမ်းအရေးကြီးပါတယ်။ ဒါက ကျွန်တော်တို့ကိုယုံကြည်မှု ပိုမြင့်စေပါတယ်။ ကွန်စတန်တီနို့စ်တို့လို ကစားသမားတချို့ရဲ့ စွမ်းဆောင်ရည်ကောင်းပါတယ်။ အခုပွဲကစားခဲ့တဲ့ သူတွေထဲကတချို့ကို ကြာသပတေးနေ့ နာပိုလီနဲ့ကစားမယ့် ယူရိုပါလိဂ်ပွဲမှာ အနားပေးဖို့ရှိပါတယ်။ ယူရိုပါလိဂ်က အသွင်ကွဲပြားတဲ့ပြိုင်ပွဲပါ။ ကျွန်တော်တို့ (၂)ဂိုးအသာရထားပေမယ့် ခက်ခက်ခဲခဲကစားရဖို့ရှိပါတယ်'' ဟု အူနိုင်းအမ်မရီက ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အဝေးကွင်း (၁၆)ပွဲမြောက်တွင် ပထမဆုံး Clean Sheet ရရှိခဲ့ခြင်းဖြစ်သည်။

အနိုင်ဂိုးသွင်းပေးခဲ့သည့် အူဘာမီယန်းမှာလည်း Boxing Day တွင်ကစားခဲ့သည့် ဘရိုက်တန်နှင့်ပွဲပြီးကတည်းက အဝေးကွင်းသွင်းဂိုး ပြန်လည်ရရှိခဲ့ပြီး (၇)ပွဲဆက်ဂိုးပေါက်ပျောက်မှုကိုလည်း အဆုံးသတ်နိုင်ခဲ့သည်။