မန်စီးတီးအသင်း၏ အင်္ဂလန်လက်ရွေးစင်တောင်ပံကစားသမား စတာလင်သည် ဗြိတိန်နိုင်ငံရှိ မတူကွဲပြားသည့် မျိုးနွယ်စုဝင်အားကစားသမားများအတွက် ပေးအပ်ချီးမြှင့်သည့် BEDSA အကောင်းဆုံးအမျိုးသားကစားသမားဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။
ယင်းဆုကို အားကစားလောကရှိ မတူကွဲပြားသည့်မျိုးနွယ်စုများအတွက် လှုပ်ရှားဆောင်ရွက်နေသော Sporting Equals အဖွဲ့အစည်းက ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပြီး စတာလင်က ၂၀၁၉ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသားအားကစားသမားဆု ဆွတ်ခူးရရှိခဲ့သည်။
စတာလင်သည် ယခုရာသီတွင် မန်စီးတီးနှင့် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၂၈ ပွဲကစား ၁၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုကိုးကြိမ်၊ ချန်ပီယံလိဂ်ပြိုင်ပွဲ၌ ရှစ်ပွဲကစား သုံးဂိုး၊ လိဂ်ဖလားပြိုင်ပွဲ၌ သုံးပွဲကစား ဂိုးဖန်တီးမှုတစ်ကြိမ်၊ ယူရို-၂၀၂၀ ခြေစစ်ပွဲတွင်လည်း နှစ်ပွဲကစား လေးဂိုးသွင်းယူကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးထားသည်။
ထို့ပြင် ၎င်းသည် ကလပ်အသင်းနှင့် လက်ရွေးစင်အသင်းပွဲများ၌ လူမျိုးရေးခွဲခြားမှု မကြာခဏကြုံတွေ့နေရသော်လည်း တည်ငြိမ်စွာတုံ့ပြန်၍ အကောင်းဆုံးကစားနိုင်ခဲ့သောကြောင့် BEDSA ဆု ချီးမြှင့်ခံရခြင်းဖြစ်သည်။
''ဒီဆုအတွက် ကျေးဇူးတင်တယ်လို့ပဲ ပြောချင်ပါတယ်။ ဒါက တကယ်ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုမှုပါ။ Sporting Equals အဖွဲ့က အံ့အားသင့်စရာကောင်းတဲ့အလုပ်တွေ လုပ်နေတာဖြစ်ပြီး သူတို့နဲ့ အခုလိုပါဝင်ခွင့်ရတာ ဂုဏ်ယူစရာကောင်းပါတယ်''ဟု စတာလင်က ဆုလက်ခံရယူပြီးနောက် ပြောကြားသည်။
ဆုပေးပွဲအခမ်းအနားကို ဧပြီ ၆ ရက်က လန်ဒန်မြို့၌ကျင်းပခဲ့ပြီး အမျိုးသမီးကစားသမားဆုကို ၂၀၁၈ ခုနှစ် ဓနသဟာယအားကစားပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် Netball အသင်းခေါင်းဆောင် အက်ဂ်ဘက်ဇီက ဆွတ်ခူးရရှိ သည်။
Sporting Equals ၏ တစ်သက်တာ ထူးချွန်ဆုကိုမူ အာဆင်နယ်၊ ကမ်းဘရစ်ချ် နှင့် ဝက်စ်ဘရွန်းအသင်းနောက်ခံလူဟောင်း ဘရန်ဒန်ဘက်ဆန်ကရရှိခဲ့ကြောင်း သိရသည်။