လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း ယူရိုသန်း (၅၀၀) အထိ အသုံးပြုမည်ဟု L'Equipe ဖော်ပြ

လာမည့်နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်း ယူရိုသန်း (၅၀၀) အထိ အသုံးပြုမည်ဟု L'Equipe ဖော်ပြ
Published 29 March 2019

 

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် ယူရိုသန်း (၅၀၀) အထိ အသုံးပြုကာ ကစားသမားသစ်များ ခေါ်ယူရန်စီစဉ်နေကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်နှင့် ဘုရင့်ဖလားပြိုင်ပွဲများမှ ထွက်ခွာထားရပြီး လာလီဂါပြိုင်ပွဲတွင်လည်း ပွဲစဉ် (၂၈) အပြီးတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဘာစီလိုနာအသင်း (၆၆ မှတ်)နှင့် (၁၂) မှတ်အထိ ကွာဟလျက်ရှိသည်။

ထို့ကြောင့် ရီးယဲလ်အသင်းသည် ယခုရာသီတွင် ဖလားလက်မဲ့ဖြစ်ရန်နီးစပ်နေပြီး လာမည့်ရာသီတွင် ချန်ပီယံဆုများရယူနိုင်ရန်အတွက် အသင်းကို အင်အားဖြည့်တင်းလိုနေခြင်းဖြစ်ကြောင်း L'Equipe က ဖော်ပြခဲ့သည်။

ရီးယဲလ်မက်ဒရစ်အသင်းသည် လာမည့်နွေရာသီတွင် PSG အသင်းလူငယ်တိုက်စစ်မှူး ဘာပေ၊ ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်နှင့် မန်ယူကွင်းလယ်လူ ပေါ့ဘာတို့ကို ဦးစားပေးခေါ်ယူသွားရန် စီစဉ်နေကြောင်း သိရသည်။

ဟာဇက်နှင့် ပေါ့ဘာတို့က ရီးယဲလ်မက်ဒရစ်အသင်းတွင် ကစားခွင့်ရရေးမှာ ကစားသမားတိုင်း၏ အိပ်မက်ဖြစ်သည်ဟု ဝန်ခံဖူးထားပြီး နည်းပြ ဇီဒန်းကြောင့်လည်း ၎င်းတို့၏အပြောင်းအရွှေ့မှာ ဖြစ်မြောက်လာဖွယ်ရှိနေကြောင်း စပိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

သို့သော် ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေကို ခေါ်ယူရန်ကြိုးစားရာတွင် PSG အသင်းကြောင့် ခက်ခဲဖွယ်ရှိနေကြောင်း သိရသည်။

PSG အသင်းသည် ဘာပေနှင့် နေမာတို့ကို လာမည့်ရာသီတွင် လုံးဝရောင်းချမည်မဟုတ်ဟု ပြောဆိုထားပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရောင်းချခဲ့သည့် ၂၀၁၉-၂၀ ရာသီ PSG အသင်း၏တစ်ရာသီစာလက်မှတ်ရောင်းချရာတွင် ၎င်းတို့(၂) ဦး၏ ပုံများကို အသုံးပြုခဲ့ကြောင်း သိရသည်။

Most Read

Most Recent