တူရကီသမ္မတ အာဒိုဂန်ကို မင်္ဂလာပွဲဖိတ်ကြားသည့် အိုဇေးလ်အား ဂျာမနီနိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်

တူရကီသမ္မတ အာဒိုဂန်ကို မင်္ဂလာပွဲဖိတ်ကြားသည့် အိုဇေးလ်အား ဂျာမနီနိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်
Photos : Twitter, AFP
Photos : Twitter, AFP
Published 19 March 2019

အာဆင်နယ်အသင်း၏ ဂျာမနီလက်ရွေးစင်ဟောင်းကွင်းလယ်လူ အိုဇေးလ်သည် တူရကီသမ္မတ အာဒိုဂန်အား မင်္ဂလာပွဲဖိတ်ကြားခဲ့သဖြင့် ဂျာမနီနိုင်ငံရေးအသိုင်းအဝိုင်း၏ ဝေဖန်မှုများခံနေရကြောင်း သိရသည်။

အိုဇေးလ်နှင့် ၎င်း၏ချစ်သူသည် ပြီးခဲ့သည့်တစ်ပတ်က အစ္စတန်ဘူလ်မြို့ရှိ အာတာတက်လေဆိပ်၌ တူရကီသမ္မတ အာဒိုဂန်နှင့် တွေ့ဆုံ၍ နွေရာသီတွင်ပြုလုပ်မည့် မင်္ဂလာပွဲသို့တက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။ 

အာဒိုဂန်ဦးဆောင်သည့် အာဏာရ AKP ပါတီက အိုဇေးလ်၏တွေ့ဆုံဖိတ် ကြားမှုကို Twitter တွင် ဓာတ်ပုံတင်ခဲ့သော ကြောင့် ဂျာမနီနိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်နေခြင်းဖြစ်သည်။ 

အိုဇေးလ်သည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ပြီးခဲ့သည့်နှစ် မေလတွင်လည်း လန်ဒန်မြို့၌ အာဒိုဂန်နှင့် သွားရောက်တွေ့ဆုံခဲ့သောကြောင့် နိုင်ငံ ရေးသမားများနှင့် ပရိသတ်များ၏ ဝေဖန်မှုများ ပြင်းထန်စွာခံခဲ့ရသည်။ 

၎င်းတို့က ဂျာမနီလက်ရွေးစင်အသင်းအပေါ် အိုဇေးလ်၏ သစ္စာစောင့်သိမှုကို မေးခွန်းထုတ်ခဲ့ကြပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဂျာမနီအသင်း အောင်မြင်မှုမရဘဲ အုပ်စုအဆင့်မှထွက်ရခြင်းမှာ ၎င်းကိုမချန်လှပ်ဘဲ ထည့်သွင်းရွေးချယ်ခဲ့ ခြင်းကြောင့်ဖြစ်ကြောင်း ၀ိုင်းဝန်းဝေဖန်ခဲ့ကြသည်။ 

သို့ဖြစ်ရာ အိုဇေးလ်သည် ယင်းပြိုင်ပွဲအပြီးတွင် ဂျာမနီလက်ရွေးစင်အဖြစ်မှ အနားယူရန် ဆုံးဖြတ်ခဲ့ပြီး ဂျာမနီဘောလုံးအာဏာပိုင်များအနေဖြင့် မိမိအပေါ် လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုများပြုလုပ်ကြောင်း ဝေဖန် ပြောကြားခဲ့သည်။

အာဒိုဂန်အား အိုဇေးလ်က မင်္ဂလာပွဲ ဖိတ်ကြားနေသည့်ဓာတ်ပုံကို ဂျာမနီအခြေစိုက် Bild သတင်းစာက မတ် ၁၇ ရက်တွင် မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့ရာ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ အော့ဇီမာက ''ဒါက မသင့်လျော်တဲ့အပြုအမူလို့ ကျွန်တော်ထင်တယ်''ဟု ပြောကြားသည်။ 

အိုဇေးလ်သည် မင်္ဂလာပွဲကျင်းပမည့်ရက်ကို မသတ်မှတ်ရသေးသော်လည်း အာဒိုဂန်ကိုယ်တိုင်တက် ရောက်ဖွယ်ရှိကြောင်း မီဒီယာများက ဖော်ပြလျက်ရှိသည်။

Most Read

Most Recent