ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း မတ် ၁၆ ရက် ညပိုင်းက ပစ်ခတ်သံများ ကြားရပြီးနောက်ပိုင်း ညအချိန်က တောင်ဦးကျေးရွာသားတစ်ဦး၏ ခြေနှစ်ဖက်တွင် သေနတ်ကျည်ဆန်ထိမှန်ခဲ့ကြောင်း သိရသည်။
မတ် ၁၆ ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများကို ကြားခဲ့ရပြီး နေအိမ်အောက်တွင် ပျဉ်ခင်းပြီးအိပ်နေသည့် အမျိုးသားတစ်ဦး၏ ခြေထောက်နှစ်ဖက်တွင် သေနတ်ကျည်ဆန် ထိမှန်ကာ မြောက်ဦးဆေးရုံသို့ တင်ပို့ထားရကြောင်းလည်း ဒေသခံများက ဆိုသည်။
မတ် ၁၇ ရက် နေ့လယ်ပိုင်းတွင်လည်း မြောက်ဦးမြို့ ခေါင်းဖြူပြင်ကွင်းဘက်မှ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကို ကြားသိရပြီး တိုက်ပွဲဖြစ်မဖြစ်ကိုမူ တိကျစွာ မသိရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါပစ်ခတ်သံများသည် တိုက်ပွဲဖြစ်ပွားခြင်း ဟုတ် မဟုတ်ကို မသိရကြောင်း၊ သို့သော်လည်း ၁၅ ရက် နေ့လယ်ပိုင်းကလည်း အလားတူစွာပင် သေနတ်သံကြားရပြီးနောက် ရွာအတွင်းသို့ ကျည်ဆန်များ ကျရောက်ကာ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦး၏ ပေါင်တွင် သေနတ်ကျည်ထိမှန်ခဲ့သဖြင့် ဆေးရုံတင်ထားရကြောင်း ဒေသခံဦးထွန်းသာစိန်က ပြောကြားသည်။
မတ် ၁၆ ရက် ညပိုင်းတွင် ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်များတွင် သေနတ်ပစ်ဖောက်သံများနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အသံများကို ကြားခဲ့ရကြောင်း၊ အချို့သောကျေးရွာများတွင် ယင်းသို့ ပစ်ခတ်သံများကြောင့် နေအိမ်အောက်တို့တွင် ပုန်းခိုအိပ်ခဲ့ရကြောင်း သိရသည်။
ထို့ပြင် ၁၆ ရက် ညပိုင်းက သေနတ်ပစ်ခတ်သံများ ကြားရပြီးနောက် ကျောက်တော်မြို့နယ်အတွင်း လက်နက်ကြီး ပစ်ခတ်သံများကို ကြားခဲ့ရပြီး မနက်ပိုင်းတွင် ကျောက်တော်မြို့နယ် နဂါးရာကျေးရွာရှိ စာသင်ကျောင်းခြံဝင်းအတွင်းသို့ ကျရောက်ခဲ့ပြီး မပေါက်ကွဲဘဲ ကျန်ခဲ့သည့် လက်နက်ကြီး ကျည်တစ်ခုကိုလည်း တွေ့ခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ဒီမနက်တွေ့တာကတော့ နဂါရာ စာသင်ကျောင်းခြံဝင်းမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်ခုကိုတွေ့လို့ ရွာသားတွေကတော့ အပူရှိန်ကြောင့် ပေါက်ကွဲမှာစိုးလို့ဆိုပြီး ကန်ထဲမှာချထားတယ်။ ကျွန်တော်ကိုယ်တိုင် ရဲစခန်းကို အကြောင်းကြားထားပါတယ်။ ပေါက်ကွဲမှုမဖြစ်အောင်အတွက် သိမ်းဆည်းပေးဖို့ အကြောင်းကြားထားပါတယ်” ဟု ကျောက်တော်မြို့မှ ဦးကျော်လှမြင့်က ပြောကြားသည်။