စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၃ ကျောင်း ငွေကြေးအခက်အခဲကြောင့် ရပ်နားခဲ့ရ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၃ ကျောင်း ငွေကြေးအခက်အခဲကြောင့် ရပ်နားခဲ့ရ
Published 15 March 2019
ရန်ပိုင်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအနက် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ငွေကြေးအခက်အခဲကြောင့် ကျောင်း ၁၃ ကျောင်း ရပ်နားခဲ့ရကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခင်ကဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၁၇၀)ကျော်ရှိခဲ့ရာမှ လက်ရှိတွင် (၁၆၂)ကျောင်း သာရှိတော့ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပညာသင်ကြားပေးနေသော ဆရာ၊ ဆရာမများအား လစာငွေ လုံလောက်စွာ ထောက်ပံ့မပေးနိုင်ခြင်းတို့ကြောင့် ဆရာ၊ ဆရာမမတည်မြဲခြင်းနှင့် ငွေကြေးအခက်အခဲများ ဖြစ်ပေါ်ခြင်းတို့ကြောင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအချို့ ရပ်နားသွားရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနှစ်နှစ်အတွင်း ဘ/က ကျောင်းတွေ နည်းသွားတယ်။ နည်းသွားရခြင်းအကြောင်းက ငွေကြေးအခက်အခဲကြောင့် ဆရာ၊ ဆရာမ ထောက်ပံ့ပေးမှု အားနည်းသွားတဲ့အခါကျတော့ မဖွင့်နိုင်ကြတော့ နည်းသွားတယ်။ နှစ်နှစ်အတွင်း ၁၃ ကျောင်း လျော့သွားတယ်။ သို့သော် တိုးလည်းတိုးပါတယ်။ အသစ်ဖွင့်မှာ ၁၀ ကျောင်းဝန်းကျင်လောက်ရှိတယ်။အဲဒါကို ဘ/က ဗဟိုကို တင်ထားတယ်။ ခုထိ ခွင့်ပြုမိန့် ချမပေးသေးဘူး။ အဲဒီအခက်အခဲလေးတွေ ရှိနေတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောဓိဂဒဇ၊  အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တကောသလာဘိဝံသက မိန့်ကြားသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ငွေကြေးအခက်အခဲများ ဖြစ်ပေါ်ပြီး ရပ်နားသွားရခြင်းတို့ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည်တည်တံ့ရေးအတွက် လက်ရှိတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်ရန် စီမံဆောင်ရွက်နေကြောင်းသိရပြီး ဖေဖော်ဝါရီ ၂၈ တွင် စစ်ကိုင်းမြို့ ရွှေသမားရပ်ကွက်၊ သောဘိတာရာမရွှေသမားကျောင်းတိုက်၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ မဟာဗျူဟာ ရေးဆွဲခြင်းညှိနှိုင်း အစည်းအဝေးအခမ်းအနားအား ကျင်းပခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ မဟာဗျူဟာ ရေးဆွဲခြင်း(မူကြမ်း)ညှိနိုင်းအစည်းအဝေး အခမ်းအနားများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပြုလုပ်နေကြကြောင်း၊ မန္တလေး၊ ရန်ကုန်၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီနှင့် ပြည်နယ်အချို့တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ပြီးစီးခဲ့ပြီး ယခုနှစ်မေလတွင် ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းရွာ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ညီလာခံကျင်းပကာ မဟာဗျူဟာရေးဆွဲခြင်းအား ဆွေးနွေးအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။