မြင်စိုင်းမြို့ဟောင်းတွင် ထုံးကျောက်ထုတ်ရန်မိုင်းခွဲမှုကြောင့် ပင်းယခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးမှုနှင့်ပတ်သက်၍ ကျောက်မိုင်းခွဲမှုကိုရပ်ဆိုင်းထားရန် သက်ဆိုင်ရာသို့အကြောင်းကြားထားပြီး ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်မည်

မြင်စိုင်းမြို့ဟောင်းတွင် ထုံးကျောက်ထုတ်ရန်မိုင်းခွဲမှုကြောင့် ပင်းယခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးမှုနှင့်ပတ်သက်၍ ကျောက်မိုင်းခွဲမှုကိုရပ်ဆိုင်းထားရန် သက်ဆိုင်ရာသို့အကြောင်းကြားထားပြီး ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်မည်
ထုံးကျောက်မိုင်းခွဲမှုများကြောင့် မြင်စိုင်းမြို့ဟောင်းရှိ ပင်းယခေတ်လက်ရာ စိတ္တဂုတ္တဂူအတွင်း နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးမှုကို တွေ့ရစဉ်
ထုံးကျောက်မိုင်းခွဲမှုများကြောင့် မြင်စိုင်းမြို့ဟောင်းရှိ ပင်းယခေတ်လက်ရာ စိတ္တဂုတ္တဂူအတွင်း နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးမှုကို တွေ့ရစဉ်
Published 19 February 2019
ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြင်စိုင်းမြို့ဟောင်းတွင် ထုံးကျောက်ထုတ်ယူရန် မိုင်းခွဲမှုများကြောင့် ပင်းယခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးခဲ့မှုနှင့်ပတ်သက်၍ လတ်တလောတွင် အဆိုပါ နံရံဆေးရေးပန်းချီများ တည်ရှိရာအနီးတွင် ကျောက်မိုင်းခွဲမှုကို ရပ်ဆိုင်းထားရန် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက အကြောင်းကြားထားပြီး ပျက်စီးမှုများကို ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

၁၄ ရာစုက ထွန်းကားခဲ့သည့် ပင်းယခေတ်လက်ရာများတည်ရှိရာ မြင်စိုင်းမြို့ဟောင်းအနီးရှိ ထုံးကျောက်တောင်များမှ ဘိလပ်မြေထုတ်လုပ်ရန်အတွက် ထုံးကျောက်ကုန်ကြမ်းများကို မိုင်းခွဲထုတ်ယူရာမှတစ်ဆင့် အဆိုပါမြင်စိုင်းမြို့ဟောင်းရှိ စိတ္တဂုတ္တဂူအတွင်း နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးခြင်း၊ မြင်စိုင်းနန်းဦးစေတီတော် အက်ကွဲပြိုကျခြင်း၊ ရွှေဥမင်ဂူအတွင်းရှိ နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးခြင်းနှင့် အခြားရှေးဟောင်းအဆောက်အအုံများ မိုင်းခွဲမှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ ထိုသို့ နံရံဆေးရေးပန်းချီများ ကျောက်မိုင်းခွဲမှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ဒေသခံများက သက်ဆိုင်ရာရှေးဟောင်းဌာနများသို့ အကြောင်းကြားမှုများ ပြုလုပ်ခဲ့သည်။

“နံရံဆေးရေးပန်းချီတွေ ပြိုကျပျက်စီးမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက သွားရောက်ကွင်းဆင်း စစ်ဆေးမှုတွေ ပြုလုပ်ထားပါတယ်။ အဲဒီနံရံဆေးရေးပန်းချီတွေရှိ တဲ့နေရာမှာ ထုံးကျောက်မိုင်းခွဲတာတွေ၊ မြေတူးတာတွေကို အားလုံးရပ်ဆိုင်းထားပေးဖို့အတွက် ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကို မှာကြားထာပါတယ်။ ပြုပြင်ထိန်းသိမ်းမှုတွေကို စနစ်တကျနဲ့ လုပ်ဆောင်သွားမှာပါ။ ကွင်းဆင်းစစ်ဆေးတဲ့အဖွဲ့တွေဆီကနေ တင်ပြလာတဲ့အပေါ်မှာကြည့်ပြီးတော့ ထိန်းသိမ်းမှုတွေ လုပ်သွားမှာပါ။ မြင်စိုင်းနန်းဦးစေတီ အက်ကွဲမှုကတော့ ငလျင်လှုပ်ခတ်မှုတွေကြောင့်လည်း ဖြစ်နိုင်သလို အဲဒီကျောက်မိုင်း ခွဲမှုတွေရဲ့ သက်ရောက်မှုကလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ ကျွန်တော်တို့ဌာနက ပညာရှင်စေလွှတ်ပေးပြီး ထိန်းသိမ်းပေးစေလိုတယ်ဆိုရင် ပညာရှင်စေလွှတ်ပေးပြီးတော့ ဆောင်ရွက်ပေးသွားမှာပါ။ အခုကတော့ ကျောက်မိုင်းခွဲတာတွေကို ရပ်ခိုင်းထားပါတယ်။ ဒါတွေကတော့ ဒေသအာဏာပိုင်တွေ၊ ဒေသခံတွေအပါအဝင် အားလုံးပူးပေါင်းဆောင်ရွက်မှရမှာ ဖြစ်ပါတယ်”ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်က ပြောကြားသည်။

အဆိုပါကျောက်မိုင်းခွဲမှုများကြောင့် စိတ္တဂုတ္တဂူအတွင်းရှိ နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးခဲ့မှုနှင့်ပတ်သက်၍ ဒေသခံများက ရှေးဟောင်းသုတေသနဦးစီးဌာနနှင့် သက်ဆိုင်ရာများထံသို့ အကြောင်းကြားမှုများ ပြုလုပ်ခဲ့ပြီး ရှေးဟောင်းအဆောက်အအုံများကို ထိခိုက်ပျက်စီးမှုများမဖြစ်ပေါ်စေရန်အတွက် သက်ဆိုင်ရာအစိုးရမှ ထိန်းသိမ်းပေးစေလိုကြောင်း ပြောကြားခဲ့ကြသည်။

မြင်စိုင်းမြို့ဟောင်းမှ ပင်းယခေတ်လက်ရာ နံရံဆေးရေးပန်းချီများ ထုံးကျောက်ထုတ်ယူရန် မိုင်းခွဲမှုကြောင့် ပျက်စီးခဲ့မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာ အသင်းက ဖေဖော်ဝါရီ ၁၄ ရက်တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် မြင်စိုင်းမြို့ဟောင်းသည် ၂၀၀၈ ခုနှစ် သြဂုတ်လက နိုင်ငံတော်အဆင့် ကာကွယ်စောင့်ရှောက်ခံယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းဝင်ထားသော အမျိုးသားယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ကြောင်း၊ မြင်စိုင်းမြို့ဟောင်းသည် ပင်းယခေတ်သမိုင်းကို ပြန်လည်ဖော်ထုတ်နိုင်သည့် တစ်ခုတည်းသော မြို့ဟောင်းဖြစ်သည့်အပြင် ပုဂံခေတ်နှောင်းပိုင်းကာလ သမိုင်းကို လေ့လာရန် အရေးကြီးသော ရှေးဟောင်းအမွေ အနှစ်ဆိုင်ရာ အထောက်အထားများ ကိန်းအောင်းနေသည့် အရေးကြီးနေရာဖြစ်ကြောင်း၊ သို့သော် ဖေဖော်ဝါရီ ၁၄ ရက်က မြင်စိုင်းမြို့ဟောင်း ကုလားကျောင်းကျေးရွာမှ ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက်အရ မြင်စိုင်းမြို့ဟောင်း၏ အရှေ့နှင့် အရှေ့တောင်ဘက်ရှိ ထုံးကျောက်တောင်များတွင် ထုံးကျောက်ထုတ်ရန် မိုင်းခွဲမှုကြောင့် စိတ္တဂုတ္တဂူအတွင်းရှိ ပင်းယခေတ်(၁၄ ရာစု) နံရံဆေးရေးပန်းချီများ ပြိုကျပျက်စီးမှုဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ ထိုဖြစ်စဉ်များ ဖြစ်ပွားမှုနှင့် ပတ်သက်၍ အသင်းအနေဖြင့် ပျက်စီးဆုံးရှုံးသည့် အမွေအနှစ်များအပေါ် များစွာစိုးရိမ် မကင်းဖြစ်ရပြီး သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် တိုင်းဒေသကြီးအစိုးရအနေဖြင့် အဆိုပါ ဖြစ်ရပ်အပေါ် ဆောလျင်စွာအရေးယူ ဆောင်ရွက်ပေးရန်အတွက် မြန်မာနိုင်ငံရှေးဟောင်း သုတေသနပညာအသင်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။                       

Most Read

Most Recent