ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ် နှင့် ယူရိုပါလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo : Twitter
Photo : Twitter
Published 12 February 2019

- ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်(ပထမအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မန်ယူ နှင့် PSG (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

မန်ယူနည်းပြတာဝန်ကိုစယူကတည်းက ရှုံးပွဲမရှိခဲ့တဲ့ ဆိုးလ်ရှားအတွက် ဒီပွဲက အကြီးမားဆုံးစိန်ခေါ်မှုလို့ပြောလို့ရ တယ်။ လွန်ခဲ့တဲ့ (၂)လလောက်က ဒီပွဲဟာ တစ်ဖက်သတ်အနေအထားမျိုးမှာ ရှိခဲ့ပေမယ့် မန်ယူရဲ့အကောင်းဆုံးပုံစံကိုပြန် မြင်ရတာ၊ PSG မှာ ပြဿနာတွေရှိလာတာ၊ နေမာ မကစားနိုင်တာတွေက မန်ယူကိုအခြေအနေပြန်ကောင်းလာစေတယ်။ PSG က အုပ်စုအဆင့်မှာတုန်းက လီဗာပူးလ်နဲ့ အတူတူကျခဲ့ပြီး အုပ်စုဗိုလ်ရခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ နေမာ ကစားနိုင်တဲ့အခြေအနေ၊ အကောင်းဆုံးပုံစံပြနေတဲ့အခိုက်အတန့်မှာတောင် လီဗာပူးလ်ထက်သာတယ်လို့ ပြောလို့မရခဲ့ဘူး။ မန်ယူအတွက်လည်း ဒီပွဲမှာ စိတ်ပိုင်းဆိုင်ရာတည်ငြိမ်နေရင်၊ ယုံကြည်မှုအပြည့်ရှိရင် ကြောက်စရာမလိုတဲ့အနေအထားလို့ပြောလို့ရတယ်။ နှစ်သင်းစလုံးမှာ ခံစစ်ပိုင်းတစ်ဦးချင်းအမှားရှိနိုင်ပြီး ကွင်းလယ်မှာ ပေါ့ဘာ-မာတစ်-ဟာရဲရားအတွဲက အကောင်းဆုံးပုံစံပြနေတယ်။ တိုက်စစ်မှာလည်း PSG က နေမာအပြင် ကာဗာနီပါ မကစားနိုင်ဖို့များတဲ့အခြေအနေပါ။ မန်ယူအနိုင်ကစားလိမ့်မယ်။

ရိုးမား နှင့် ပေါ်တို (ဗုဒ္ဓဟူးနံနက် ၂း၃၀ နာရီ)

ပေါ်တိုအသင်းနည်းပြ ကွန်စီကာအိုက ကစားသမားဘဝကတည်းက ရိုးမားရဲ့ရန်ဘက်ကလပ်လို့ပြောလို့ရတဲ့ လာဇီယို ကစားသမားဟောင်း ဖြစ်တယ်။ ဒီရာသီချန်ပီယံလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းဖြစ်သလို၊ ပြည်တွင်းမှာလည်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့အသင်းဖြစ်တယ်။ ရိုးမားထက် ပိုတည်ငြိမ်တဲ့ရလဒ်တွေနဲ့ ပိုကောင်းတဲ့ကစားပုံကို ပြသနေတယ်။ ရိုးမားကလည်း အုပ်စုအဆင့်တုန်းက အိမ်ကွင်းမှာ ရီးယဲလ်ကိုရှုံးခဲ့ပေမယ့် ပါလ်ဇန်ကို (၅)ဂိုး၊ CSKA ကို (၃)ဂိုးသွင်းပြီး ပေးဂိုးမရှိခဲ့ဘူး။ ဒီပွဲက အကြိတ်အနယ်ရှိနိုင်တဲ့ပွဲဖြစ်ပြီး အနိုင်အရှုံးပေါ်ဖို့ မလွယ်ပါဘူး။ (၁-၁)လောက်နဲ့ ပြီးသွားနိုင်တယ်။

- ယူရိုပါလိဂ်ရှုံးထွက်(၃၂)သင်းအဆင့်(ပထမအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဖီနာဘာချီ နှင့် ဇင်းနစ် (ဗုဒ္ဓဟူးနံနက် ဝဝး၂၅ နာရီ)

ကစားသမားကောင်းတွေရှိပေမယ့် တူရကီလိဂ်မှာ ဖီနာဘာချီ ရုန်းကန်နေရတာတော့ အံ့အားသင့်စရာကောင်းပါတယ်။  ဇင်းနစ်ကလည်း ပါရေဒက်စ်မရှိတော့တဲ့ ကွက်လပ်ကို ချက်ချင်းအစားထိုးဖို့ မလွယ်သေးဘဲ အဝေးကွင်းဆိုရင် ရလဒ်တွေပါ ညံ့သွားတတ်တယ်။ ဖီနာဘာချီ အနိုင်နဲ့သရေပါပဲ။

Most Read

Most Recent