လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ဖေဖော်ဝါရီ ၄ ရက်က ဝက်စ်ဟမ်းနှင့်ကစားခဲ့သည့်ပွဲတွင် အသင်းတိုက်စစ်ကစားသမား မာနေ သွင်းယူသည့်ဂိုးမှာ လူကျွံဘောဖြစ်သည်ဟု ပွဲအပြီးတွင် ဝန်ခံခဲ့သည်။
မာနေ ဂိုးသွင်းယူနိုင်ရန် ညာတောင်ပံမှ ဖြတ်တင်ပေးပို့သည့် အသင်းကွင်းလယ်လူ ဂျိမ်းစ်မီလ်နာမှာလူကျွံအနေအထားတွင် ရှိနေခြင်းဖြစ်သည်။
လီဗာပူးလ်အသင်းသည် (၂၂)မိနစ်တွင်သွင်းယူသည့် ယင်းဂိုးဖြင့်ဦးဆောင်ခဲ့သော်လည်း (၆)မိနစ်အကြာတွင် ဝက်စ်ဟမ်းကစားသမား အန်တိုနီယိုက ချေပဂိုးသွင်းသွားခဲ့သဖြင့် သရေကျခဲ့ရပြီး ပရီးမီးယားလိဂ် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ ဒုတိယနေရာမှ မန်စီးတီးအသင်းနှင့် (၃)မှတ်သာ ကွာဟတော့သည်။
ယာဂန်ကလော့ပ်က '' တကယ်တော့ ကျွန်တော်တို့ဟာ အကောင်းဆုံးအနေအထားမှာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့မှာ အခြေအနေကောင်းတွေတော့ရခဲ့တယ်။ လူကျွံအနေအထားကနေ ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့တယ်။ ဒိုင်လူကြီးက သူ့အမှားကိုသူ ပထမပိုင်းနားချိန်မှာ ပြန်သိလိုက်တယ်ထင်တယ်။ ဒုတိယပိုင်းမှာ တချို့ဆုံးဖြတ်ချက်တွေက အံ့အားသင့်စရာကောင်းပါတယ်။ လူသားတစ်ဦးအနေနဲ့ ကျွန်တော် ဒါကိုသိပါတယ်။ ပထမပိုင်းမှာ အမှားကြီးကြီးလုပ်ခဲ့သူဟာ နောက်ထပ်ခြားနားချက်တွေ ထပ်လုပ်မယ်မထင်ပါဘူး'' ဟု ယင်းပွဲဒိုင်လူကြီးနှင့်ပတ်သက်ပြီး သုံးသပ်ခဲ့သည်။
ဒုတိယနေရာမှ မန်စီးတီးနှင့်အမှတ်ကွာဟမှုကျဉ်းမြောင်းလာခြင်းအတွက် ဝေဖန်နေမှုများကို ကလော့ပ်က ယခုကဲ့သို့ တုံ့ပြန်ခဲ့သည်။
'' ဒီပွဲက လုံလောက်တဲ့ကျေနပ်မှု မရတဲ့ပွဲပါ။ ဒါဟာ ဖိအားကြောင့်မဟုတ်ပါဘူး။ ဒီအခြေအနေက ကျေနပ်စရာကောင်းပါတယ်။ လက်ရှိ ကျွန်တော်တို့ (၆၂)မှတ်ရထားတယ်။ တစ်ရာသီလုံး (၁)ပွဲသာရှုံးခဲ့တယ်။ ဒါက အလွန်အပေါင်းလက္ခဏာဆောင်ပါတယ်'' ဟု ကလော့ပ်က ပြောကြားခဲ့သည်။
ပြိုင်ဘက်ဝက်စ်ဟမ်းအသင်းနည်းပြ ပယ်လီဂရီနီကမူ ကလော့ပ်၏လီဗာပူးလ်အသင်းသည် အနိုင်ရရန် လူကျွံဂိုးများကို အသုံးချနေသည်ဟု စွပ်စွဲခဲ့သည်။