စပါးအသင်းနှင့်ပွဲမတိုင်မီ ပြိုင်ဘက်နည်းပြ ပိုချက်တီနိုအား ဆိုးလ်ရှား ချီးကျူး

စပါးအသင်းနှင့်ပွဲမတိုင်မီ ပြိုင်ဘက်နည်းပြ ပိုချက်တီနိုအား ဆိုးလ်ရှား ချီးကျူး
Photo: Man Utd via Getty Images
Photo: Man Utd via Getty Images
Published 11 January 2019

 

မန်ယူအသင်းယာယီနည်းပြ ဆိုးလ်ရှားက စပါးအသင်းနှင့်ပွဲမတိုင်မီ ပြိုင်ဘက်နည်းပြ ပိုချက်တီနိုမှာ အလုပ်ကိုအကောင်းဆုံးလုပ်နေသူဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာက မော်ရင်ဟိုအား နည်းပြရာထူးမှထုတ်ပယ်ပြီးနောက် ကစားသမားဟောင်းဖြစ်သူ ဆိုးလ်ရှားကို ယခုရာသီကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး လာမည့်နွေရာသီတွင် စပါးအသင်းနည်းပြ ပိုချက်တီနိုကို အသင်းနည်းပြအဖြစ် ခန့်အပ်ရန်စီစဉ်နေသည်ဟု ဗြိတိန်မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြသည်။

မန်ယူအသင်းက ပိုချက်တီနိုကို ခေါ်ယူရန်ဆက်သွယ်နေသည်ဆိုသောသတင်းများနှင့် ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဆိုးလ်ရှားက "ပိုချက်တီနိုက အလုပ်ကိုအကောင်းဆုံးလုပ်နေသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မန်ယူအသင်းက သူ့ကို ခေါ်ယူချင်နေတာဖြစ်မှာပါ။ ဒါပေမဲ့ ပြိုင်ဘက်အသင်းနည်းပြတွေကို အဆင့်သတ်မှတ်တာက ကျွန်တော့်အလုပ် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ ကိုယ့်အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်"ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ဆိုးလ်ရှားလက်ထက်တွင် ကစားခဲ့သည့် ပြိုင်ပွဲစုံ (၅)ပွဲစလုံး အနိုင်ရရှိထားသည်။ သို့သော် မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၁)အပြီးတွင် ရမှတ် (၃၈)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်နေပြီး အဆင့် (၃)နေရာမှ စပါးအသင်း(၄၈ မှတ်)နှင့် (၁၀)မှတ်အထိ ကွာဟနေသည်။ ထို့ပြင် မန်ယူအသင်းမှာ အဆင့် (၄)နေရာမှ ချယ်လ်ဆီးအသင်း (၄၄ မှတ်)နှင့် (၆)မှတ် ကွာဟနေသေးသည်။

စပါးနှင့် မန်ယူအသင်းတို့၏ ပရီးမီးယားလိဂ်ပွဲစဉ်ကို ဇန်နဝါရီလ (၁၃)ရက် (တနင်္ဂနွေ)တွင် ဝင်ဘလေကွင်း၌ ကစားမည်ဖြစ်သည်။ အဆိုပါပွဲစဉ်တွင် လေ့ကျင့်ရေးကွင်း၌ ခြေထောက်ဒဏ်ရာရရှိခဲ့သည့် အဓိကကွင်းလယ်လူ ပေါ့ဘာ ပါဝင်ကစားနိုင်မည်ဖြစ်ကြောင်းလည်း ဆိုးလ်ရှားက ပြောကြားခဲ့သည်။