မန်စီးတီးအသင်းဂိုးသမား အီဒါဆန်က ၎င်းဆယ်ကျော်သက်အရွယ်က ကလပ်အသင်းများ၏ငြင်းပယ်မှုကို ခံခဲ့ရခြင်းကြောင့် ဘောလုံးသမားဘဝကို စွန့်လွှတ်ရန်စဉ်းစားခဲ့ဖူးကြောင်း ဝန်ခံပြောကြားခဲ့သည်။
ဘရာဇီးလ်ဂိုးသမား အီဒါဆန်သည် အသက် (၁၅)နှစ်အရွယ်က ဆာပေါ်လိုအသင်း၏ ငြင်းပယ်မှုကို ခံခဲ့ရပြီး တစ်လခန့်စိတ်ဓာတ်ကျကာ ဘောလုံးသမားဘဝကို စွန့်လွှတ်ရန် စဉ်းစားခဲ့ဖူးကြောင်း ဗြိတိန်သတင်းစာ Mirror နှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။
ဆာပေါ်လိုအသင်း၏ ငြင်းပယ်မှုကို ခံခဲ့ရခြင်းနှင့် ပတ်သက်ပြီး အီဒါဆန်က "ကျွန်တော့်အတွက် အရမ်းကို ခက်ခဲတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော် အသက်(၁၅)နှစ်ပဲ ရှိပါသေးတယ်။ ကျွန်တော့်အတွက် ခက်ခဲလွန်းတာကြောင့် တစ်လလောက် စိတ်ဓာတ်တွေကျပြီး ဘောလုံးမကန်တော့ဘူးလို့တောင် စဉ်းစားခဲ့ဖူးပါတယ်။ ကံကောင်းတာက အဲဒီအချိန်မှာ ကျွန်တော့်မိသားစုတွေက ဘောလုံးပြန်ကစားဖို့ ကျွန်တော့်ကို အားပေးခဲ့ကြတယ်။ သတ္တိတွေ ပေးခဲ့ကြပါတယ်" ဟု ပြောကြားခဲ့သည်။
အသက် (၂၅)နှစ်အရွယ်ရှိ အီဒါဆန်သည် ၂၀၁၅ ခုနှစ်တွင် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းနှင့် ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ပြောင်းရွှေ့ကြေး ပေါင် (၃၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သည်။
အီဒါဆန်သည် မန်စီးတီးအသင်းတွင် နံပါတ် (၁)ဂိုးသမားအဖြစ် လက်စွမ်းပြနေသူဖြစ်ပြီး (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၇၃)ပွဲအထိ ကစားခွင့်ရထားသလို၊ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် (၃)ပွဲ ပါဝင်ကစားထားသည်။