မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မဲခွဲပွဲ ဇူလိုင်တွင် ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲတွင် ရလဒ်ကောင်းမွန်ရေးအတွက် နည်းပြသစ်ခန့်အပ်ပြီး အချိန်ယူပြင်ဆင်ရန် MFF စီစဉ်

မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ မဲခွဲပွဲ ဇူလိုင်တွင် ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲတွင် ရလဒ်ကောင်းမွန်ရေးအတွက် နည်းပြသစ်ခန့်အပ်ပြီး အချိန်ယူပြင်ဆင်ရန် MFF စီစဉ်
၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)
၂၀၁၈ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)
Published 11 January 2019

မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့်  ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုမဲခွဲပွဲကို ယခုနှစ် ဇူလိုင်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ဇုန်အလိုက်ခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အာရှဇုန်တွင် ဝင်ရောက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

အာရှဇုန် ခြေစစ်ပွဲများကို ၂၀၂၃ အာရှဖလား ခြေစစ်ပွဲနှင့် ပူးတွဲကျင်းပမည်ဖြစ်ပြီး ပထမအဆင့်နှင့် ဒုတိယအဆင့် ခြေစစ်ပွဲများကို ပူးတွဲကျင်းပ၍ တတိယအဆင့် ခြေစစ်ပွဲမှသာ သီးခြားယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင်လည်း အာရှဇုန်ခြေစစ်ပွဲ ပထမအဆင့်နှင့် ဒုတိယအဆင့် ကို ၂၀၁၉ အာရှဖလား ခြေစစ်ပွဲနှင့်အတူ ပူးတွဲကျင်းပခဲ့ပြီး တတိယအဆင့်မှသာ သီးခြားယှဉ်ပြိုင်ခဲ့ရသည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) သည် ဇုန်အလိုက်ကျင်းပမည့် ခြေစစ်ပွဲ ဆီဒင်သတ်မှတ်ချက်များကို မကြာမီ ထုတ်ပြန်မည်ဖြစ်ပြီး အာရှဒေသတွင်းမှ အသင်းအများစု ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆီဒင်သတ်မှတ်ချက်တွင် အနိမ့်ဆုံး ရရှိသည့် အသင်းများမှာ ပထမအဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး မြန်မာအသင်းမှာမူ ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဒုတိယအဆင့်မှ စတင်ကစားခဲ့ရသည်။ ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲ အာရှဇုန်ပွဲစဉ်များကို ၂၀၂၀ ပြည့်နှစ်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် နောက်ဆုံးကျင်းပခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲ သုံးကြိမ်တွင် ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၀ ပြိုင်ပွဲတွင် ပထမအဆင့်၊ ၂၀၁၄ နှင့် ၂၀၁၈ ပြိုင်ပွဲတွင် ဒုတိယအဆင့်မှ ထွက်ခဲ့ရသည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အချိန်ယူပြင်ဆင်မည်ဖြစ်ပြီး နည်းပြချုပ်သစ်ကို ယခုလကုန်တွင် ခန့်အပ်၍ အချိန်ယူပြင်ဆင်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရန်မရှိဘဲ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) မှ သတ်မှတ်ထားသော နိုင်ငံတကာပွဲကစားရမည့် ရက်သတ္တပတ်ရက်များတွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) သည် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း ရလဒ်ကောင်းမွန်ရန် အချိန်ယူ ပြင်ဆင်မည်ဖြစ်ပြီး ယခုနှစ်အတွင်း ယှဉ်ပြိုင်မည့် နိုင်ငံတကာ ခြေစမ်းပွဲများအတွက် အသင်းများ ဖိတ်ကြားထားမှုကို ဇန်နဝါရီ ၁၆ ရက်တွင်ပြုလုပ်မည့် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ပြန်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြင် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲလည်း ယှဉ်ပြိုင်ရမည်ဖြစ်ရာ နည်းပြသစ်အနေဖြင့် ပြိုင်ပွဲနှစ်ခုစလုံးတွင် ရလဒ်ကောင်း ရယူနိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။ MFF သည် နည်းပြသစ်အား နိုင်ငံခြားသားကိုသာ ခန့်အပ်မည်ဖြစ်ကြောင်း အတည်ပြု ထုတ်ပြန်ထားသည်။