စစ်မှန်သည့်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အပြည့်အဝ မဖြစ်သေးသဖြင့် နိုင်ငံတော်အစိုးရသာမက ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးစားရန်လိုပြီး အစိုးရတစ်ခုတည်းသာ အားကိုးသည်ဆိုသည်မှာ ဒီမိုကရေစီ မဆန်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား

စစ်မှန်သည့်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အပြည့်အဝ မဖြစ်သေးသဖြင့် နိုင်ငံတော်အစိုးရသာမက ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးစားရန်လိုပြီး အစိုးရတစ်ခုတည်းသာ အားကိုးသည်ဆိုသည်မှာ ဒီမိုကရေစီ မဆန်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောကြား
ဇန်နဝါရီ ၁၀ ရက်က ပြုလုပ်သည့် (၇၁) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား မနောအကတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပါဝင်ဆင်နွှဲစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
ဇန်နဝါရီ ၁၀ ရက်က ပြုလုပ်သည့် (၇၁) နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနား မနောအကတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပါဝင်ဆင်နွှဲစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)
Published 10 January 2019
ထွန်းလင်းအောင်

စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု အပြည့်အဝမဖြစ်သေးသဖြင့် နိုင်ငံတော်အစိုးရသာမက ပြည်သူလူထု အားလုံးက ၀ိုင်းဝန်းကြိုးစားရန်လိုပြီး အစိုးရ တစ်ခုတည်းသာ အားကိုးသည်ဆိုသည်မှာ ဒီမိုကရေစီမဆန်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနော ကွင်းတွင် ဇန်နဝါရီ ၁၀ ရက်က ကျင်းပသည့် ၇၁ နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်း အနား အဖွင့်မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ကချင်ပြည်နယ်နေ့မှာ မနောကွင်းမှာ စုစည်းပြီး ကချင် ပြည်နယ်နေ့ကို ကျင်းပနိုင်တယ်ဆိုတာ အားလုံးတစ်ဦးကို တစ်ဦးအားကိုးပြီး တစ်ဦး အင်အားတစ်ဦးယူပြီး တစ်ဦးရဲ့အင်အားကို တစ်ဦးက ဖြည့်ဆည်းပေးဖို့၊ ကျွန်မတို့ ပြည် ထောင်စုကြီးရဲ့လမ်းကို ဆက်ပြီးတော့ လျှောက်သွားမယ့်လမ်းရဲ့ သင်္ကေတပဲလို့ ကျွန်မက ယူဆပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မတို့ တိုင်းရင်းသားများဟာ တစ်ဖက်နဲ့ တစ်ဖက် ပြန်ကြည့်လိုက်လို့ရှိရင် အားလုံး ကိုကြည့်လိုက်ရင် ဝတ်စုံတွေလည်း မတူဘူး။ ဒီလိုတိုင်းရင်းသားများစုစည်းပြီး ဝတ်စုံ ပေါင်းများစွာနဲ့တွေ့ရတာ ကျွန်မ အင်မတန် ဝမ်းသာပါတယ်။ ဒါကျွန်မတို့ နိုင်ငံပဲ။ ကျွန်မ တို့ရဲ့ပြည်ထောင်စုပဲ။ ပြည်ထောင်စုဖွား တိုင်းရင်းသားများဟာ တစ်ဦးနဲ့တစ်ဦးမတူ ပေမဲ့ တစ်ဦးချင်း၊ တစ်ဦးချင်းဟာ သူ့ရဲ့ လှပ ပုံ လှပနည်းနှင့် လှပနေကြပါတယ်။ ဒီလို စုစည်းမှုရှိလို့သာ ကျွန်မတို့နိုင်ငံဟာ ပြည် ထောင်စုကြီး ဖြစ်နေတယ်။ ဒါပေမဲ့ ဒီ ပြည် ထောင်စုဟာ ကျွန်မတို့လိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတော့ အပြည့်အဝမဖြစ်သေးဘူး။ ဒါကိုဖြစ်အောင် ကျွန်မတို့ နိုင်ငံတော်အစိုးရသာမက ပြည်သူ လူထုတွေအားလုံးက ၀ိုင်းဝန်းပြီးတော့ ကြိုးစားဖို့ လိုပါတယ်။ အစိုးရတစ်ခုတည်းပဲ အားကိုးတယ် ဆိုတာဟာ ဒီမိုကရေစီမဆန်ပါဘူး။ တကယ်တော့ ဒီမိုကရေစီ ဆိုတာဟာ ပြည်သူလူထုအပေါ်မှာ အခြေခံတဲ့ စနစ်မို့ လို့ ပြည်သူလူထုအားကိုလည်း အစိုးရများက ပြန်ပြီးတော့ အားကိုးရပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် ယခုကဲ့သို စုစည်းသည့်နေရာ တွင် မည်သည့်တိုင်းရင်းသားအတွက် မည် သည့်နေ့သာဖြစ်သည်ဆိုသည့် စိတ်ဓာတ် မဟုတ်ကြောင်း၊ ကချင်ပြည်နယ်နေ့သည် ကချင်ပြည်နယ်တွင်းရှိ တိုင်းရင်းသားပေါင်းစုံနှင့် သက်ဆိုင်သည့်နေ့ ဖြစ်ကြောင်း၊ ကချင် ပြည်နယ်နေ့ပေါ်ပေါက်လာခြင်းသည် လွတ် လပ်ရေးနှင့် တစ်နှစ်တည်း ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံ၏ လွတ်လပ်ရေးသင်္ကေတ ဖြစ်သည်ဟု ပြောပါကလည်း မမှားကြောင်း၊ ပထမဆုံး ကချင်ပြည်နယ်နေ့ကို တက်ရောက်ခဲ့သည့် နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်သည် ရှမ်းတိုင်းရင်းသားတစ်ဦး ဖြစ်သဖြင့် မိမိတို့ပြည်ထောင်စု၏ အနေအထားကို ဖော်ပြနေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား လူမျိုးစုများအားလုံး၏ နေ့ဖြစ်သည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့နိုင်ငံသာ အေးချမ်းသာယာ သွားမယ်ဆိုရင် ငြိမ်းချမ်းရေးရမယ်ဆိုရင် သမ္မတကြီးမိန့်ဆိုတဲ့အတိုင်း ၁၀ နှစ် အတွင်း တောင် မဟုတ်ဘူး။ တစ်နှစ်အတွင်း တောင် သိသိသာသာအပြောင်းအလဲတွေ မြင်ရလိမ့် မယ်လို့ယုံကြည်ပါတယ်။ တကယ်ကို ပြည် တွင်းစစ်မီးတွေအားလုံး ငြိမ်းသွားပြီဆိုတာနဲ့ တစ်နှစ်အတွင်းမှာ အပြောင်းအလဲတွေ သိသိသာသာ မြင်ရလိမ့်မယ်။ ကျွန်မတို့ မြင်ချင်တဲ့ ခိုင်မာတဲ့အခြေအနေကိုတော့ သမ္မတကြီး မိန့်ဆိုတဲ့အတိုင်း ဆယ်စုတစ်စု လောက်ကသေသေချာချာ ကြိုးစားပြီးတော့ စနစ်တကျ ခိုင်မြဲအောင် လုပ်ဖို့ကတော့ အားလုံးရဲ့တာဝန် ဖြစ်ပါတယ်။ ခရီးတစ်ခုကိုစဖို့ ပထမခြေလှမ်းဟာ အရေးအကြီးဆုံးပါပဲ။ ကျွန်မတို့ရဲ့ ပြည်ထောင်စုကြီးခိုင်မာဖို့ တိုး တက်ဖို့ ဖွံ့ဖြိုးဖို့အတွက် စပြီးတော့လှမ်းတဲ့ ခြေလှမ်းကတော့ ငြိမ်းချမ်းရေးခြေလှမ်း ဖြစ်တယ်ဆိုတာလည်း ထပ်ပြီးတော့ သတိပေးပါရစေ” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပူတာအိုမြို့သို့ ဇန်နဝါရီ ၈ ရက်တွင် ရောက်ရှိခဲ့ပြီး  မဂွေဇလမ်းဖွင့်ပွဲနှင့် ခေါင်လန်ဖူး၊ မချမ်းဘော့မြို့များသို့ သွားရောက်ခဲ့သည်။ ဇန်နဝါရီ ၉ ရက်တွင် အထက်နန့်ထွမ်ရေအား လျှပ်စစ်စီမံကိန်း ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး နောင်မွန်မြို့သို့ သွားရောက်ခဲ့သည်။

အဆိုပါ သွားရောက်ခဲ့သည့် ဒေသများတွင် ဒေသခံများနှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး ပူတာအို ခရီးသွားလာရေးလုပ်ငန်း ဖွံ့ဖြိုးရေးကိစ္စ၊ ခါကာဘို အမျိုးသားဥယျာဉ်များကိစ္စ၊ လမ်းပန်းဆက်သွယ်ရေး ကိစ္စရပ်များကို တင်ပြမှုများရှိခဲ့ကြောင်း၊ ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်က ဝေးလံခေါင်ဖျား ဒေသများရှိ ဖွံ့ဖြိုးရေး လုပ်ငန်းများကို အထူးအလေးပေးစေချင်ကြောင်း မှတ်ချက်ပြု ပြောကြားမှုများ ရှိခဲ့သည်။       

Most Read

Most Recent