ဆီးဂိမ်းစ် အမျိုးသားဟော်ကီပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအသင်း ဗိုလ်စွဲပြီး မြန်မာအသင်း ဒုတိယရရှိ

ဆီးဂိမ်းစ် အမျိုးသားဟော်ကီပြိုင်ပွဲတွင် အိမ်ရှင်မလေးရှားအသင်း ဗိုလ်စွဲပြီး မြန်မာအသင်း ဒုတိယရရှိ
Published 30 August 2017

 

(၂၉) ကြိမ်မြောက် ဆီးဂိမ်းစ်အမျိုးသား ဟော်ကီပြိုင်ပွဲ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၂၉ ရက်က အမျိုးသားဟော်ကီကွင်း၌ ကျင်းပရာ အိမ်ရှင်မလေးရှားအသင်း ဗိုလ်စွဲပြီး မြန်မာအသင်း ငွေတံဆိပ်ရရှိခဲ့ကြောင်း သိရသည်။ ဆီးဂိမ်းစ်ပြိုင်ပွဲတစ်လျှောက် ပထမဆုံး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည့် မြန်မာအသင်းသည် ရလဒ်ကောင်းရရန် ကြိုးပမ်းခဲ့သော်လည်း ကမ္ဘာ့ထိပ်တန်းအဆင့်ရှိသော မလေးရှားအသင်းကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရသည်။

မြန်မာအသင်းသည် မလေးရှားအသင်းကို ယှဉ်ကစားရန် မလွယ်ကူသောကြောင့် ခံစစ်အသားပေးပုံစံဖြင့် ကစားခဲ့ပြီး ပထမပိုင်းတွင် ပေးဂိုးနည်းခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးများဆက်တိုက်ပေးခဲ့ရသောကြောင့် (ဝ-၁၄) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

ပထမပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်နိုင်သည့် အနေအထားရှိသောကြောင့် ပွဲကို ခေတ္တရပ်နားခဲ့ရသည်။ မြန်မာအသင်းသည် မလေးရှားအသင်းနှင့် အုပ်စုပွဲတွေ့ဆုံစဉ်က ခြောက်ဂိုးပြတ်သာရှုံးခဲ့သော်လည်း ယခုပွဲတွင် ပိုမိုဂိုးပြတ်သွားခဲ့ရခြင်းဖြစ်သည်။

တတိယ နေရာလုပွဲတွင် စင်ကာပူအသင်းက ထိုင်းအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက် ကျင်းပရာ ပထမဆုရ မလေးရှားအသင်း၊ ဒုတိယဆုရ မြန်မာအသင်းနှင့် တတိယဆုရ စင်ကာပူအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်ပြီး အချိန်တိုအတွင်း အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဟော်ကီအဖွဲ့ချုပ်ကို ပြီးခဲ့သည့်နှစ်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး ပထမဆုံးယှဉ်ပြိုင်သည့် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငွေတံဆိပ်ရရှိခဲ့သည့် မြန်မာအမျိုးသားဟော်ကီအသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

မြန်မာအမျိုးသားဟော်ကီအသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ငါးကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်ပြီး ငွေတံဆိပ်တစ်ခု၊ ကြေးတံဆိပ်နှစ်ခု ရရှိထားသည်။ မြန်မာအမျိုးသမီး ဟော်ကီအသင်းမှာမူ အုပ်စုပွဲစဉ်များတွင် နိုင်ပွဲမရခဲ့ဘဲ အုပ်စုနောက်ဆုံးနေရာဖြင့်သာ ကျေနပ်ခဲ့ရကြောင်း သိရသည်။

Most Read

Most Recent