ဗိုလ်ချုပ်ဟောင်းအချို့ ဦးဆောင်မည့် အမျိုးသားနိုင်ငံရေးပါတီ အမည်နှင့် ပါတီတည်ထောင်ခွင့် ရရှိရေး တင်ပြထားမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်နေဆဲ

ဗိုလ်ချုပ်ဟောင်းအချို့ ဦးဆောင်မည့် အမျိုးသားနိုင်ငံရေးပါတီ အမည်နှင့် ပါတီတည်ထောင်ခွင့် ရရှိရေး တင်ပြထားမှု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က စိစစ်နေဆဲ
Published 9 January 2019
နေရိုင်း၊ အောင်မင်းသိန်း

ဗိုလ်ချုပ်ဟောင်းတချို့ ဦးဆောင်မည့် အမျိုးသားနိုင်ငံရေးပါတီ အမည်နှင့် ပါတီတည်ထောင်ခွင့်ရရှိရေး တင်ပြထားမှုအပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်နေဆဲဖြစ်ကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။

နေပြည်တော်ရှိ Grand Amara ဟိုတယ်တွင် ဇန်နဝါရီ ၉ ရက်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ပြုလုပ်သည့် မဲစာရင်းပြုစုခြင်း ဆရာဖြစ်သင်တန်း အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ဗိုလ်ချုပ်ဟောင်းအချို့ ဦးဆောင်မည့် ပါတီအားတည်ထောင် ခွင့်တင်ထားမှုနှင့် ပတ်သက်၍ လက်ရှိ ဆောင်ရွက်နေမှုများအား မီဒီယာများ၏ မေးမြန်းမှုကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အထက်ပါကဲ့သို့ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆီက ပြည့်စုံရင်တော့ ခွင့်ပြုပေးဖို့ဆိုတာ၊ ကျွန်တော်တို့ ခွင့်မပြု သေးတာက ပြည့်စုံမ မရှိသေးတဲ့အတွက် ကျွန်တော်တို့ စောင့်ဆိုင်းနေတာပါ။ တင်တော့ တင်ထားပါတယ်” ဟု ဦးလှသိန်းက ပြောကြားသည်။

အမျိုးသား နိုင်ငံရေးပါတီ အမည်နှင့် နိုင်ငံရေးပါတီတစ်ခု တည်ထောင်ရန်အတွက် အငြိမ်းစား ဗိုလ်ချုပ်ဟောင်း အချို့မှ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံသို့ ၂၀၁၈ ခုနှစ် ဇူလိုင်က လျှောက်ထားခဲ့ခြင်းဖြစ်ပြီး အမျိုးသား နိုင်ငံရေးပါတီ အမည်နှင့် ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားခဲ့သူများတွင် ဦးသိန်းစိန် အစိုးရ လက်ထက်က သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် (ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) ဦးစိုးမောင်နှင့် စာရင်းစစ်ချုပ်အဖြစ် တာဝန်ယူခဲ့သည့် (အငြိမ်းစားဗိုလ်ချုပ်) ဦးလွန်းမောင်တို့ ပါဝင်ကြောင်း သိရသည်။ 

ပါတီမှတ်ပုံတင်ခွင့်အတွက် ပါတီတည်ထောင်ခွင့် ခွင့်ပြုပေးခြင်း မရှိသေးခြင်းသည် မည်သည့်အရာများ လိုအပ်နေခြင်းကြောင့် ဖြစ်မည်နည်းဟု မီဒီယာများ၏ မေးမြန်းမှုကို “အဲဒါတော့ ကျွန်တော်တို့ အသေးစိတ်ပြောလို့ မဖြစ်ပါဘူး။ ကျွန်တော်တို့က ပြည့်စုံရင် တန်းပြီးတော့ ကြေညာပြီးတော့ တည်ထောင်ခွင့် ပြုတာပါ” ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြန်လည် ဖြေကြားသည်။

နိုင်ငံရေးပါတီအဖြစ် ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့် အမျိုးသားနိုင်ငံရေးပါတီနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းအရ ပါတီတည်ထောင်ခွင့် လျှောက်ထားလာချက်များအပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ စစ်ဆေးချက်များအား တောင်းခံထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

သူက “သက်ဆိုင်ရာဌာနတွေကို တောင်းခံရတာလေ။ အဲဒီတော့ အဲဒါတွေ တောင်းခံရတော့ အချက်အလက် မပြည့်စုံသေးလို့ပါ။ လဝကတို့ ပြည်ထဲရေးတို့ လိုအပ်ရင်လည်း သာသနာရေးပေါ့။ စသည်ဖြင့်ပေါ့။ ဒါတွေနဲ့ ဆက်စပ်နေတာကိုး” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

အမျိုးသားနိုင်ငံရေးပါတီ နာမည်ဖြင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့် ရရှိရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ဦးဆောင်လျှောက်ထားသည့် ဦးစိုးမောင်သည် စစ်တက္ကသိုလ် အမှတ်စဉ် (၁၇) သင်တန်းဆင်း တစ်ဦးဖြစ်ပြီး တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးနှင့် စစ်ဥပဒေချုပ် တာဝန်အား ထမ်းဆောင်ခဲ့ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်တွင် သမ္မတရုံးဝန်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရေစကြိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာတွင် ရှုံးနိမ့်ခဲ့သည်။             

 

Most Read

Most Recent