ထိုင်းလိဂ်တွင် အောင်မြင်မှုရရှိခဲ့ပြီး ဂျပန်ကလပ်တွင် ပထမဆုံးသွားရောက်ကစားခွင့်ရသည့် ဘော်လီဘောကစားသမား အောင်သူ

ထိုင်းလိဂ်တွင် အောင်မြင်မှုရရှိခဲ့ပြီး ဂျပန်ကလပ်တွင် ပထမဆုံးသွားရောက်ကစားခွင့်ရသည့် ဘော်လီဘောကစားသမား အောင်သူ
ဓာတ်ပုံ - ညီညီစိုးညွန့်
ဓာတ်ပုံ - ညီညီစိုးညွန့်
Published 1 January 2019

မြန်မာ့လက်ရွေးစင် ဘော်လီဘောကစားသမား အောင်သူသည် ၂၀၁၇-၂၀၁၈ ရာသီ ထိုင်းဘော်လီဘောလိဂ်တွင် နာခွန်ရတ်ချက်စီမာအသင်း၌ ဆုကြေးစား သွားရောက်ကစားရာ အောင်မြင်မှုများစွာရခဲ့ပြီး ယခုအခါ ဂျပန်ကလပ် တိုရေးအသင်း၌ သွားရောက်ကစားခွင့် ရနေပြီဖြစ်သောကြောင့် မြန်မာ့အားကစားလောက၏ ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

အောင်သူသည် နာခွန်ရတ်ချက်စီမာ အသင်းတွင် သုံးရာသီမြောက် သွားရောက်ကစားခြင်းဖြစ်ပြီး ယခုရာသီတွင် အသင်းနှင့်အတူ ချန်ပီယံဆုရခဲ့သလို ထိုင်းဘော်လီဘောလိဂ်ပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံး ကစားသမားဆုကိုပါ ရယူနိုင်ခဲ့သည်။ မြန်မာဘော်လီဘော ကစားသမားများအနေဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ပြည်ပကလပ်အသင်းများ၌ သွားရောက်ကစားခဲ့သော်လည်း အောင်သူကဲ့သို့ အောင်မြင်မှု ရယူနိုင်ခြင်းမရှိပေ။ ထိုင်းလိဂ်တွင်ပြသခဲ့သည့် လက်စွမ်း၊ မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူ ယှဉ်ပြိုင်ခဲ့သည့် အာရှအားကစား ပြိုင်ပွဲအပါအဝင် အခြားနိုင်ငံတကာပြိုင်ပွဲများ၌ ကစားခဲ့သည့် လက်စွမ်းများကြောင့် အာရှအားကစားပြိုင်ပွဲ ကျင်းပနေသည့် ကာလတွင် ဂျပန်ကလပ်အပါအဝင် အခြားကလပ်အသင်း သုံးသင်း၏ တစ်ပြိုင်တည်း ကမ်းလှမ်းမှုရရှိခဲ့သည်။ အောင်သူသည် ကမ်းလှမ်းသည့် အသင်းများနှင့် ဆွေးနွေးပြီးနောက် ဂျပန်ကလပ် တိုရေးအသင်း၌ တစ်ရာသီ သွားရောက်ကစားရန် သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။ အောင်သူသည် အောက်တိုဘာမှစ၍  ဂျပန်ကလပ် တိုရေးအသင်းနှင့် ပူးပေါင်းနေပြီဖြစ်ပြီး ၂၀၁၈-၂၀၁၉ ရာသီ ဂျပန်ဘော်လီဘောလိဂ်တွင် ယှဉ်ပြိုင်လျက်ရှိသည်။ အောင်သူအနေဖြင့် ဂျပန်ကလပ်အသင်း၌ သွားရောက်ကစားခွင့်ရခြင်းမှာ မြန်မာ့ဘော်လီဘောသမိုင်းတွင် ပထမဆုံးဖြစ်ပြီး ဘော်လီဘောအားကစားနည်း တိုးတက်ရေးအတွက် အထောက်အကူပြုပေး နိုင်မည်ဖြစ်သည်။ ပြည်တွင်း၌ ဘော်လီဘော ပြိုင်ပွဲများ ရှားပါးမှု၊ ကစားသမားများ ထွက်ပေါ်မှု နည်းပါးလာခြင်းကြောင့် မြန်မာ့ဘော်လီဘောအားကစားနည်း တိုးတက်မှုနှုန်း ကျဆင်းလာချိန်တွင် အောင်သူကဲ့သို့ ကစားသမားကောင်းတစ်ဦး ထွက်ပေါ်လာခြင်းမှာ ဂုဏ်ယူစရာပင်ဖြစ်သည်။

အောင်သူသည် ဘော်လီဘောကစား သမားကောင်းများစွာ ထွက်ပေါ်လေ့ရှိသည့် အင်းလေး ဒေသခံတစ်ဦးဖြစ်ပြီး ငယ်စဉ်ကတည်းက ဘော်လီဘောအားကစားနည်းအပေါ် ရူးသွပ်ခဲ့သလို လူငယ်ကစားသမားဘဝမှာပင် အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သည်။ ၂၀၁၁ ခုနှစ်ကတည်းက ပြည်ပကလပ်အသင်းများတွင် ဆုကြေးစားသွားရောက်ကစားခဲ့ပြီး ထိုင်းနှင့် ဗီယက်နမ်ကလပ် အသင်းများတွင်ကစားဖူးကာ ယခုကစားနေသည့် ဂျပန်ကလပ် တိုရေးအသင်းမှာ ငါးသင်းမြောက် ပြည်ပကလပ်အသင်းလည်းဖြစ်သည်။ အောင်သူအနေဖြင့် တိုရေးအသင်းတွင်လည်း အောင်မြင်မှုရယူနိုင်ပါက မြန်မာ့ဘော်လီဘောလောကအတွက် ဂုဏ်ယူစရာ ဖြစ်လာလိမ့်မည်။

Most Read

Most Recent