ပထမဆုံး ကျင်းပခွင့်ရသော်လည်း မျှော်မှန်းသလောက်မအောင်မြင်ခဲ့သည့် အာဆီယံတက္ကသိုလ်ပြိုင်ပွဲ

ပထမဆုံး ကျင်းပခွင့်ရသော်လည်း မျှော်မှန်းသလောက်မအောင်မြင်ခဲ့သည့် အာဆီယံတက္ကသိုလ်ပြိုင်ပွဲ
ဓာတ်ပုံ - ညီညီစိုးညွန့်
ဓာတ်ပုံ - ညီညီစိုးညွန့်
Published 1 January 2019

(၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပခဲ့သော်လည်း ထင်သလောက်အောင်မြင်မှုမရဘဲ ပြိုင်ပွဲအပြီးတွင် နိုင်ငံအလိုက်ဆုရရှိမှု၌ အဆင့် (၄) နေရာသာ ရပ်တည်နိုင်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် အာဆီယံတက္ကသိုလ်ပြိုင်ပွဲကို လက်ခံကျင်းပခဲ့သောကြောင့် အာဆီယံဒေသတွင်း ကျင်းပလျက်ရှိသည့် အားကစားပြိုင်ပွဲအားလုံး လက်ခံကျင်းပနိုင်သည့် မှတ်တမ်းကောင်း ပိုင်ဆိုင်ခဲ့သော်လည်း ပြိုင်ပွဲအပြီးတွင် ရွှေ ၂၄ ခု၊ ငွေ ၂၆ ခု၊ ကြေး ၂၉ ခုသာရယူနိုင်ခဲ့သည်။ အားကစားနည်း ၁၇ မျိုးမှ ရွှေတံဆိပ် စုစုပေါင်း ၂၀၃ ခု ချီးမြှင့်ရာတွင် အိမ်ရှင်မြန်မာတက္ကသိုလ် အားကစားအဖွဲ့အနေဖြင့်  ရွှေတံဆိပ် ၃၀ အထက်ရယူနိုင်ရန် မျှော်မှန်းထားသော်လည်း ၂၄ ခုသာရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်မှ ၁၉ ရက်အထိ နေပြည်တော်၌ ကျင်းပခဲ့ပြီး မြန်မာတက္ကသိုလ် အားကစားအဖွဲ့အနေဖြင့် အားကစားနည်း ၁၇ မျိုး ထည့်သွင်းကျင်းပသည့်အနက် ခုနစ်မျိုးမှသာ ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆုများကို ဝူရှူးနှင့် ကရာတေးပြိုင်ပွဲမှ ခြောက်ခုစီ၊ ဗိုဗီနမ်ပြိုင်ပွဲမှ ငါးခု၊ ခြင်းလုံး/ပိုက်ကျော်ခြင်းမှ သုံးခု၊ လှေလှော်မှ နှစ်ခု၊ မြားပစ်နှင့် ဂေါ့ဖ်ပြိုင်ပွဲမှ တစ်ခုစီ ရယူနိုင်ခဲ့သည်။ ရွှေတံဆိပ်အများ ဆုံးချီးမြှင့်သည့် ပြေးခုန်ပစ်နှင့် ရေကူးအားကစားနည်းတွင် ရွှေဆုနှင့်လွဲချော်ခဲ့သောကြောင့် မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ်ရရှိမှု လျော့နည်းခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲ ကျင်းပခဲ့သည့် အားကစားရုံ၊ ကွင်းများတွင် ကျင်းပခြင်းဖြစ်သောကြောင့် နိုင်ငံတကာအဆင့်မီ ကျင်းပနိုင်သော်လည်း အားကစားနည်းအချို့တွင် အောင်မြင်မှုမရသဖြင့် မျှော်မှန်းသလောက် မအောင်မြင်ခဲ့သည့်ပြိုင်ပွဲဟု သတ်မှတ်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်တွင် ဝူရှူး၊ ဘိလိယက်၊ ဘော်လီဘော၊ စက်ဘီးစသည့် အားကစားနည်းများ၏ နိုင်ငံတကာ ပြိုင်ပွဲအများစုကို လက်ခံကျင်းပခဲ့သော်လည်း အားကစားနည်းအားလုံး တိုးတက်အောင် လုပ်ဆောင်နိုင်မှ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရလာမည်ဖြစ်သည်။

Most Read

Most Recent