မော်ရင်ဟိုကိုင်တွယ်စဉ် အက်ဒ်ဝုဒ်ဝက်ဒ်အပါအဝင် အသင်း၌ရှိသူအားလုံးမပျော်ရွှင်ခဲ့ဟု ရွန်နီ ဖွင့်ဟ

မော်ရင်ဟိုကိုင်တွယ်စဉ် အက်ဒ်ဝုဒ်ဝက်ဒ်အပါအဝင် အသင်း၌ရှိသူအားလုံးမပျော်ရွှင်ခဲ့ဟု ရွန်နီ ဖွင့်ဟ
Photos : AFP
Photos : AFP
Published 25 December 2018

ရွန်နီသည် မန်ယူအသင်း၌ မော်ရင်ဟို နှင့် တစ်ရာသီဆုံတွေ့ခဲ့ဖူးပြီး ၂၀၁၆-၂၀၁၇ ရာသီကုန်တွင် ယူရိုပါလိဂ်နှင့် လိဂ်ဖလားရရှိ ပြီးနောက် အသင်းဟောင်း အဲဗာတန်သို့ပြန် လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

မန်ယူအသင်းခေါင်းဆောင်ဟောင်း ၀ိန်းရွန်နီက မန်ယူအသင်းအား မော်ရင်ဟို ကိုင်တွယ်စဉ် ကစားသမားများနှင့် အမှု ဆောင် ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝက်ဒ်အပါအဝင် အသင်း၌ရှိသူအားလုံး ပျော်ရွှင်မှုမရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားသည်။

မော်ရင်ဟိုသည် မန်ယူအသင်းနည်းပြ ရာထူးမှ အထုတ်မခံရမီ ပေါ့ဘာအပါအဝင် ကစားသမားများနှင့် ဆက်ဆံရေးအဆင်မပြေ ခဲ့ကြောင်း မီဒီယာများက ဖော်ပြနေစဉ် ရွန်နီက အဝတ်လဲခန်းအတွင်း အခြေအနေ ကို ဖွင့်ဟခဲ့ခြင်းဖြစ်သည်။ 

ဒီဇင်ဘာ ၂၃ ရက် က BT Sport သတင်းဌာနနှင့်တွေ့ဆုံစဉ် ရွန်နီက ''ကစားသမားတွေတင်မဟုတ်ပါဘူး။ အသင်းမှာရှိသူအားလုံး မပျော်မရွှင်ဖြစ်နေခဲ့တာပါ။ အက်ဒ်ဝုဒ်ဝက်ဒ်အပြင် မီးဖိုချောင် ဝန်ထမ်းအမျိုးသမီးတွေ၊ ဝတ်စုံစီစဉ်ရတဲ့ ဝန်ထမ်းတွေအားလုံးလည်း ပျော်ရွှင်မှုမရှိတဲ့ ခံစားချက်မျိုး အတူတူခံစားရလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ အိုလီ (ယာယီ နည်းပြ ဆိုးလ်ရှား) ကတော့ အဲဒီအရာတွေ ကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်လို့ သူတို့လည်း ပျော် ရွှင်နေပါပြီ။ အောင်မြင်တဲ့ ဘောလုံးအသင်း တစ်သင်းဖြစ်ဖို့ဆိုရင် အစစအရာရာအဆင် ပြေဖို့လိုတဲ့အပြင် ပျော်ရွှင်မှုရှိဖို့လည်းလိုပါ တယ်။ အခုဆိုရင် ကစားသမားတွေရဲ့မျက်နှာ မှာ အပြုံးတွေ ပြန်မြင်နေရပါပြီ။ ဒါက အသင်း အတွက် ကောင်းမွန်တဲ့အရွေ့တစ်ခုပါ။ အဲဒီ အချက်က အိုလီရဲ့အသင်း ဘယ်လောက် တိုးတက်လာမလဲ၊ ဘယ်လိုပုံစံနဲ့ကစားမလဲ ဆိုတဲ့အပေါ် ဆွဲဆောင်မှုရှိလာစေပါတယ်''ဟု ပြောကြားသည်။

ရွန်နီသည် မန်ယူအသင်း၌ မော်ရင်ဟို နှင့် တစ်ရာသီဆုံတွေ့ခဲ့ဖူးပြီး ၂၀၁၆-၂၀၁၇ ရာသီကုန်တွင် ယူရိုပါလိဂ်နှင့် လိဂ်ဖလားရရှိ ပြီးနောက် အသင်းဟောင်း အဲဗာတန်သို့ပြန် လည်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ 

၎င်းသည် ယခုနှစ်တွင် မေဂျာလိဂ်ကလပ် ဒီစီယူနိုက် တက်အသင်း၌ ပါဝင်ကစားခဲ့သည်။

Most Read

Most Recent