မန်ယူ၊ မန်စီးတီးအပါအဝင် အသင်းကြီးအားလုံး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅) ပထမနေ့ ပွဲပြီး သုံးသပ်ချက်

မန်ယူ၊ မန်စီးတီးအပါအဝင် အသင်းကြီးအားလုံး နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၅) ပထမနေ့ ပွဲပြီး သုံးသပ်ချက်
Photo: Reuters
Photo: Reuters
Published 28 November 2018

 

ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၅)ပထမနေ့ပွဲစဉ်တွေအပြီးမှာတော့ ရှုံးထွက်(၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့တဲ့ အသင်း (၇)သင်းအထိ ထွက်ပေါ်လာခဲ့ပါတယ်။

အုပ်စု (E)မှာ ဘိုင်ယန်အသင်းဟာ အိမ်ကွင်းမှာ ဘင်ဖီကာအသင်းကို ရော်ဘင်(၂ ဂိုး)၊ လီဝန်ဒေါစကီး (၂ ဂိုး)၊ ရီဘာရီ (၁ ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့ (၅-၁)ဂိုးနဲ့အနိုင်ရပြီး အစောပိုင်းက ကစားခဲ့တဲ့ အေဂျက်စ်အသင်းနဲ့အတူ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘိုင်ယန်က (၁၃)မှတ်၊ အေဂျက်စ်က (၁၁)မှတ် ရရှိထားတာဖြစ်ပါတယ်။ 

အုပ်စု (F) မှာတော့ မန်စီးတီးနဲ့ လိုင်ယွန်တို့ရဲ့ ပွဲစဉ်က အကြိတ်အနယ်ရှိခဲ့ပြီး လိုင်ယွန်အသင်းက မန်စီးတီးအသင်းကို (၅၅)မိနစ်နဲ့ (၈၁)မိနစ်တို့မှာ သွင်းယူခဲ့တဲ့ ကော်နက်စ်ရဲ့ ဂိုးတွေနဲ့ နှစ်ကြိမ်တိုင် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းအတွက် (၆၁)မိနစ်မှာ လာပေါ့တ်၊ (၈၃)မိနစ်မှာ အဂွဲရိုးတို့ကို ချေပဂိုးတွေ သွင်းခဲ့ကြလို့ ပွဲအပြီးမှာ (၂-၂)ဂိုးနဲ့ သရေဖြစ်ခဲ့ပါတယ်။  ဟော်ဖန်ဟင်မ်နဲ့ ရှက်တာဒိုးနက်တို့ရဲ့ပွဲစဉ်မှာတော့ ရှက်တာဒိုးနက်အသင်းက အဝေးကွင်းမှာ (၂-၃)ဂိုးအနိုင်ရခဲ့ပါတယ်။ ဒီအုပ်စုမှာ မန်စီးတီးအသင်းက ရမှတ် (၁၀)မှတ်နဲ့ နောက်တစ်ဆင့်တက်ခဲ့ပြီး လိုင်ယွန်(၇ မှတ်)နဲ့ ရှက်တာဒိုးနက် (၅ မှတ်)ကတော့ လက်ကျန်တစ်နေရာကို အပြိုင်လုရမှာ ဖြစ်ပါတယ်။

အုပ်စု (G) မှာတော့ အစောပိုင်းပွဲစဉ်မှာ ပါလ်ဇန်အသင်းက CSKA မော်စကိုအသင်းကို အနိုင်ကန်ထားတာကြောင့် ရီးယဲလ်မက်ဒရစ်နဲ့ ရိုးမားတို့ဟာ ဒီပွဲမကန်ခင်ကတည်းက နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ရိုးမားကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ ရီးယဲလ်အသင်းက ဘေးလ်၊ ဗက်ဇ်ကေးတို့ရဲ့ ဂိုးတွေနဲ့ (၂)ဂိုးပြတ်အနိုင်ရပြီး အုပ်စုပထမနေရာပါ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ 

အုပ်စု (H) ပွဲစဉ်တွေမှာတော့ ဂျူဗင်တပ်စ်အသင်းနဲ့ မန်ယူအသင်းတို့ဟာ ပြိုင်ဘက်တွေကို အိမ်ကွင်းတွေမှာ (၁-၀)ဂိုးတွေနဲ့ အနိုင်ယူပြီး နှစ်သင်းစလုံးနောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက ဗလင်စီယာအသင်းကို ၀ါရင့်တိုက်စစ်မှူး မန်ဇူကစ်ရဲ့ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပြီး မန်ယူအသင်းကတော့ ပွဲချိန်နောက်ဆုံးမိနစ်မှာ ဖယ်လိုင်နီရဲ့ သွင်းဂိုးနဲ့ ယန်ဘွိုင်းစ်အသင်းကို (၁-၀)ဂိုးနဲ့ အနိုင်ရကာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။  ဂျူဗင်တပ်စ်က (၁၂)မှတ်၊ မန်ယူက (၁၀)မှတ်ရရှိထားပြီး၊ (၅)မှတ်ရထားတဲ့ ဗလင်စီယာအသင်းကလည်း ယူရိုပါလိဂ်တစ်နေရာအတွက် သေချာခဲ့ပါတယ်။



■ ယနေ့ကစားသည့် ပွဲစဉ်ရလဒ်များ

ချန်ပီယံလိဂ်အုပ်စုအဆင့်

AEK အေသင် ၀-၂ အေဂျက်စ်

CSKA မော်စကို ၁-၂ ဗစ်တိုးရီးယားပါလ်ဇန်

ဘိုင်ယန်မြူးနစ် ၅-၁ ဘင်ဖီကာ

ဟော်ဖန်ဟင်မ် ၂-၃ ရှက်တာဒိုးနက်

လိုင်ယွန် ၂-၂ မန်စီးတီး

ရိုးမား ၀-၂ ရီးယဲလ်မက်ဒရစ်

မန်ယူ ၁-၀ ယန်းဘွိုင်းစ်

ဂျူဗင်တပ်စ် ၁-၀ ဗလင်စီယာ



လိဂ်ဖလား (စတုတ္ထအဆင့်)

လက်စတာ ၀-၀ ဆောက်သမ်တန်

(ပယ်နယ်တီ ၆-၅ ဂိုးဖြင့် လက်စတာနိုင်)



ပြင်သစ်လိဂ်ဖလား (တတိယအဆင့်)

နီးစ် ၁-၁ စိန့်အက်တီယန်

(ပယ်နယ်တီ ၄-၂ ဂိုးဖြင့် နီးစ်နိုင်)



လိဂ်ချန်ပီယံရှစ်

ဘရန့်ဖို့ဒ် ၂-၃ ရှက်ဖီးယူနိုက်တက်

ဟားလ်စီးတီး ၀-၀ နောဝစ်ချ်

လိဒ်စ် ၁-၀ ရက်ဒင်း

ရော့သာဟမ် ၂-၂ QPR

ပရက်စတန် ၁-၁ မစ်ဒယ်ဘရော့

ရှက်ဖီးဝင်းစ်ဒေး ၁-၀ ဘော်လ်တန်

 

Most Read

Most Recent