AEK အေသင်-အေဂျက်စ်ပွဲမတိုင်မီ နှစ်ဖက်ပရိသတ်များခိုက်ရန်ဖြစ်ပွားပြီး ကွင်းအတွင်း ဓာတ်ဆီဗုံးပေါက်ကွဲမှုဖြစ်ပွား

AEK အေသင်-အေဂျက်စ်ပွဲမတိုင်မီ နှစ်ဖက်ပရိသတ်များခိုက်ရန်ဖြစ်ပွားပြီး ကွင်းအတွင်း ဓာတ်ဆီဗုံးပေါက်ကွဲမှုဖြစ်ပွား
Photo: Reuters
Photo: Reuters
Published 28 November 2018

 

ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ် AEK အေသင် (၀-၂) အေဂျက်စ်ပွဲမတိုင်မီ အိမ်ရှင် AEK အေသင်အသင်းပရိသတ်များနှင့် အေဂျက်စ်အသင်းပရိသတ်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ကွင်းအတွင်း ဓာတ်ဆီဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ဂရိကလပ် AEK အေသင်အသင်း၏ အိမ်ကွင်းတွင် ကစားခဲ့သည့် အဆိုပါပွဲစဉ်ကစားမီ ပွဲကြည့်စင်၌ နှစ်ဖက်ပရိသတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဲများနှင့် လုံခြုံရေးများက ဝင်ရောက်ဖျန်ဖြေခဲ့ရကြောင်း သိရသည်။

ယင်းရန်ပွဲကြောင့် အေဂျက်စ်ပရိသတ်အချို့မှာ သွေးထွက်သံယိုဖြစ်ခဲ့ရပြီး ရဲများ လူစုခွဲပြီးနောက် AEK အေသင်အသင်းပရိသတ်များက အေဂျက်စ်ပရိသတ်များကို ရေဘူးများ၊ အခြားအရာဝတ္ထုများအပြင် ဓာတ်ဆီဗုံးများဖြင့်ပါ ပစ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

AEK အေသင်အသင်းပရိသတ်တစ်ဦး ပစ်ပေါက်ခဲ့သည့် ဓာတ်ဆီဗုံးမှာ အေဂျက်စ်အသင်းပရိသတ်များ၏ ပွဲကြည့်စင်အနားတွင် ပေါက်ကွဲခဲ့သော်လည်း အဆိုပါဗုံးကြောင့် ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြဿနာများဖြစ်ပွားခဲ့သော်လည်း AEK အေသင်နှင့် အေဂျက်စ်ပွဲကို ပုံမှန်အတိုင်းယှဉ်ပြိုင်ခဲ့ပြီး အေဂျက်စ်အသင်းက (၂-၀)ဂိုးဖြင့် အနိုင်ရကာ ဘိုင်ယန်မြူးနစ်အသင်းနှင့် အတူ ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်သည်။

Most Read

Most Recent