ပရီးမီးယားလိဂ်ပွဲစဉ်(၁၃) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁၃) ပွဲကြိုသုံးသပ်ချက်
Published 24 November 2018

ဘရိုက်တန် နှင့် လက်စတာ (စနေည ၉း၃၀ နာရီ)

ဘရိုက်တန်က နောက်ဆုံးကစားခဲ့တဲ့ (၂)ပွဲမှာ အဲဗာတန်နဲ့ ကာဒစ်ဖ်တို့ကို ဆက် တိုက်ရှုံးခဲ့ပြီး ဒီပွဲမှာလည်း အနိုင်ရဖို့ထက် မရှုံးဖို့ကို အဓိကထားရလိမ့်မယ်။ လက်စတာက ပိုကောင်းတဲ့အသင်းဖြစ်ပြီး မနှစ်ကလည်း (၂)ကျော့စလုံး နိုင်ခဲ့တယ်။ ဘရိုက်တန်က တိုး တက်ဖို့လိုနေပြီး တိုက်စစ်လည်း အားရစရာမကောင်းဘူး။ လက်စတာခံစစ်က ပုံစံကောင်း ပြနေပြီး (၀-၀)၊ (၀-၁)ဆိုတဲ့ ရလဒ်တွေ ဖြစ်လာနိုင်တယ်။

အဲဗာတန် နှင့် ကာဒစ်ဖ် (စနေည ၉း၃၀ နာရီ)

ချယ်လ်ဆီးကွင်းမှာ ဂိုးမရှိ သရေကစားခဲ့ပြီးနောက် အဲဗာတန် နိုင်ပွဲပြန်ရှာဖို့ မျှော် လင့်နေလိမ့်မယ်။ လက်ရှိခြေစွမ်း အိမ်ကွင်းပုံစံကောင်းနဲ့ ပြိုင်ဘက်ကလည်း ကာဒစ်ဖ်ဖြစ် နေတာက အဲဗာတန်ကို အခွင့်အရေးသာစေမယ်။ ကာဒစ်ဖ်က အိမ်ကွင်းမှာ အနိုင်ယူဖို့ ခက်ပေမယ့် အဝေးကွင်းအားနည်းလွန်းပါတယ်။ ရစ်ချာလီဆန် ခြေစွမ်းပြမယ့်ပွဲမျိုးဖြစ်ပြီး အဲဗာတန် (၂-၀)ကို ကြိုက်တယ်။

ဖူလ်ဟမ် နှင့် ဆောက်သမ်တန် (စနေည ၉း၃၀ နာရီ)

လီဗာပူးလ်ကွင်းမှာ (၀-၂)နဲ့ ရှုံးခဲ့ပေမယ့် ဖူလ်ဟမ်ရဲ့ခြေစွမ်းက မဆိုးဘူးလို့ ဆိုရမယ်။ အပြောင်းအလဲက ယိုကာနိုဗစ်နေရာ ရာနီရေးရီ ဝင်လာခဲ့ပြီး တန်းမဆင်းရဖို့ ကူညီမှာပါ။ ဖူလ်ဟမ်ကစားသမားတွေရော ပရိသတ်တွေပါ ယုံကြည်မှုပိုရှိလာမယ်လို့ မျှော်လင့်ရတယ်။ ဆောက်သမ်တန်က အဝေးကွင်း အရမ်းအားနည်းနေပါတယ်။ ဖူလ်ဟမ် (၁-၀) ကို ကြိုက်တယ်။

မန်ယူ နှင့် ခရစ္စတယ်ပဲလေ့စ် (စနေည ၉း၃၀ နာရီ)

မန်စီးတီးကို (၁-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အနေအထားကနေ မန်ယူ ပြန်ခုန်ထွက်လာဖို့ လိုတယ်။ ဒီလိုပွဲမျိုးကို အနိုင်မကစားနိုင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်ကိုတောင် လက်လျှော့လိုက်ဖို့ပဲ ရှိတယ်။ ပဲလေ့စ်က ပြိုင်ပွဲစုံမှာ (၃)ပွဲဆက် ရှုံးထားပြီး ယုံကြည်မှုကျ ဆင်းနေတဲ့ အသင်းပါ။ ရလဒ်မကောင်းပေမယ့် ခြေစွမ်းပိုင်း တိုးတက်နေတဲ့ မန်ယူအသင်း နိုင်ပွဲရဖို့ရှိပြီး (၃-၁) လောက် ဖြစ်နိုင်တယ်။

ဝက်ဖို့ဒ် နှင့် လီဗာပူးလ် (စနေည ၉း၃၀ နာရီ)

စနေပွဲစဉ်တွေထဲမှာ ဒီပွဲကလည်း ဖျော်ဖြေမှုပေးနိုင်တဲ့ပွဲတွေထဲက တစ်ပွဲဖြစ်လိမ့်မယ်။ ဝက်ဖို့ဒ်အသင်းဟာ ပွဲစဉ် (၁၂) အပြီးမှာ ကောင်းမွန်တဲ့ပုံစံကို ပြသနေပြီး သူတို့ရပ် တည်နေတဲ့ အဆင့်(၇)နေရာက ထိုက်တန်ပါတယ်။ ကလော့ပ်ရဲ့လီဗာပူးလ်အနေနဲ့ ချန်ပီ ယံဆုကို စိန်ခေါ်ချင်ရင် ဒီလိုပွဲမျိုးကို ကျော်ဖြတ်ပြနိုင်ရမယ်။ ဖူလ်ဟမ်ကို ကစားတဲ့ပုံစံနဲ့ ဆိုရင်တော့ ခက်ခဲမှာဖြစ်ပြီး ကပ်နိုင်ဖို့လောက်ပဲ ကြိုးစားရလိမ့်မယ်။

ဝက်စ်ဟမ်း နှင့် မန်စီးတီး (စနေည ၉း၃၀ နာရီ)

လန်ဒန် Stadium မှာ ဝက်စ်ဟမ်းက မန်စီးတီးကို ဧည့်ခံကစားမှာဖြစ်တယ်။ ဘန်လေအသင်းကို (၄-၂)ဂိုးနဲ့ နိုင်ခဲ့ပြီးတော့  ဟတ်ဒါဖီးလ်ရဲ့ကွင်းမှာ အမှတ်ခွဲယူခဲ့တဲ့ ဝက်စ်ဟမ်းရဲ့ ခြေစွမ်းက အားကောင်းနေတယ်လို့ ပြောလို့ရတယ်။ မန်စီးတီးက နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် မန်ယူအသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့သလို နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၉)ပွဲမှာ လီဗာပူးလ်နဲ့ပွဲကလွဲ ပြီး ပွဲတိုင်းအနိုင်ကစားခဲ့တာ တွေ့ရတယ်။ လက်ရှိပရီးမီးယားလိဂ်မှာ လူအင်အားအရရော၊ တိုက်စစ်ပိုင်းအရပါ အကောင်းဆုံး ပုံစံပြနေတဲ့အသင်းဖြစ်တယ်။ ဝက်စ်ဟမ်းရဲ့ အိမ်ကွင်းရလဒ်ထက် မန်စီးတီးရဲ့ အဝေးကွင်းရလဒ်က အပြတ်အသတ်သာနေပြီး အဝေးကွင်းမှာ တစ်ပွဲပျမ်းမျှ (၂.၂၆)ဂိုး သွင်းထားတဲ့ မန်စီးတီးတိုက်စစ်ကို ဝက်စ်ဟမ်း ထိန်းချုပ်နိုင်ဖို့ ခက်လိမ့်မယ်။ ဒီရာသီ ဝက်စ်ဟမ်းအသင်းရဲ့ ခံစစ်က (၁၈)ဂိုး ပေးထားရပြီး ပရီးမီးယားလိဂ်ရဲ့ အားအနည်းဆုံးခံစစ်တွေထဲမှာ တစ်သင်းအပါအဝင်ဖြစ်တယ်။ ဒါ့အပြင် ဝက်စ်ဟမ်းရဲ့ခံစစ်က တစ်ဦးချင်းထိန်းချုပ်ပုံ အားနည်းလေ့ရှိတာကိုလည်း မန်စီးတီး အခွင့်ကောင်းယူနိုင်တယ်။ လက်ရှိအချိန်မှာ ဂွါဒီယိုလာရဲ့အသင်းက ရပ်တန့်လို့မရတဲ့အနေအထားဖြစ်နေပြီး ဒီပွဲအတွက် ယုံကြည်မှုအပြည့်နဲ့ ကစားလိမ့်မယ်။ ဒီပွဲက မန်စီးတီး နိုင်မယ့်ပွဲပါ။ ဒါပေမဲ့ ဂိုးပြန်ပေးရနိုင်တယ်။ မန်စီးတီး (၂-၁)၊ (၃-၁) ကို ကြိုက်တယ်။

စပါး နှင့် ချယ်လ်ဆီး (စနေည ၁၂းဝ၀ နာရီ)

ဝင်ဘလေမှာကစားမယ့် လန်ဒန်ဒါဘီပွဲစဉ်က စပါးနဲ့ ချယ်လ်ဆီး (၂)သင်းစလုံးအတွက် အရေးပါတဲ့ပွဲတစ်ပွဲဖြစ်သလို ပရိသတ်အားလုံး စိတ်ဝင်စားမယ့်ပွဲဖြစ်တယ်။ ဒါ့အပြင် အမှတ်ပေးဇယား (၃၊ ၄) နေရာမှာ ရပ်တည်နေတဲ့အသင်းတွေဖြစ်လို့  ပြိုင်ဘက်တွေအားလုံးကပါ စောင့်ကြည့်နေမယ့်ပွဲဖြစ်တယ်။ စပါးက အိမ်ကွင်းမှာ တစ်ပွဲပျမ်းမျှ (၂)မှတ်နှုန်းယူထားပြီး ချယ်လ်ဆီးကလည်း အဝေးကွင်းမှာ တစ်ပွဲ (၂)မှတ်နီးပါး ယူထားတဲ့ အသင်းဖြစ်နေတယ်။ ဒီရာသီမှာ ချယ်လ်ဆီးက ရှုံးပွဲမရှိ ကစားထား တဲ့အသင်းတွေထဲက တစ်သင်းဆိုပေမယ့် စပါးကလည်း (၂၇)မှတ်ယူထားပြီး ချယ်လ်ဆီးထက် တစ်မှတ်ပဲ လျော့နေတယ်။ ချယ်လ်ဆီးအသင်းထက် နိုင်ပွဲပိုရထားပြီး ကစားပြီးတဲ့ (၁၂)ပွဲမှာ အိမ်ကွင်း(၄)ပွဲ၊ အဝေးကွင်း (၈)ပွဲတောင်ရှိနေတဲ့ကြားက ဒီလိုရလဒ်မျိုးကို ပြသနေတာဟာ အရမ်းအားကောင်းတဲ့ အနေအထားလို့ဆိုရမယ်။ အားလုံးက မန်စီးတီး၊ လီဗာပူးလ်၊ ချယ်လ်ဆီးအကြောင်းသာ ပြောနေပေမယ့် အဝေးကွင်း (၈)ပွဲမှာ (၇)ပွဲ နိုင်ထားပြီး အဆင့် (၄)နေရာမှာ ရပ်တည်နေတဲ့ စပါးရဲ့ခြေစွမ်း က ဒီ(၃)သင်းစလုံးနဲ့ အဆင့်အတန်းတူ အနေအထားလို့တောင် ပြောလို့ရတယ်။ စပါးမှာ ဂိုးသွင်းနှုန်းကျဆင်းနေတဲ့ ပြဿနာရှိသလို အိမ်ကွင်း(၄)ပွဲမှာ (၈)မှတ်ပဲ ယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးကို မရှုံးအောင် ကစားနိုင်လိမ့်မယ်။

 

 

 

 

Most Read

Most Recent