ဂျာမနီနှင့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင်အား နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်နှစ်သိမ့်ခဲ့

ဂျာမနီနှင့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင်အား နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်နှစ်သိမ့်ခဲ့
Photo: Getty Images
Photo: Getty Images
Published 20 November 2018

 

နယ်သာလန်အသင်းခေါင်းဆောင် ဗန်ဒိုက်က ဂျာမနီအသင်းနှင့် (၂-၂) ဂိုးဖြင့်သရေကျခဲ့သည့်ပွဲအပြီးတွင် ကွင်းလယ်ဒိုင်ဟာတီဂန်ကို နှစ်သိမ့်ခဲ့ကြောင်းသိရသည်။

အဆိုပါပွဲစဉ်တွင် နယ်သာလန်အသင်းသည် ဂျာမနီအသင်းကို (၂-၀) ဂိုးဖြင့်ရှုံးနိမ့်နေပြီး နောက်ကျချေပဂိုးများကြောင့် သရေကျခဲ့ကာ UEFA Nations League ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ယင်းပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ဖြစ်သူ ဟာတီဂန်မှာ ငိုနေခဲ့ရာ ဗန်ဒိုက်က ၄င်းကိုဖက်ကာနှစ်သိမ့်ခဲ့ခြင်းဖြစ်သည်။

အသက် (၃၈) နှစ်အရွယ်ရှိ ရိုမေးနီးယားလူမျိုး ဒိုင်လူကြီးဟာတီဂန်သည် အဆိုပါပွဲစဉ်မစတင်ခင် မိခင်ဖြစ်သူ ကွယ်လွန်ကြောင်း သတင်းရခဲ့ပြီး ပွဲအပြီးတွင် ဝမ်းနည်းစွာငိုကြွေးနေခဲ့ခြင်းဖြစ်သည်။

ဗန်ဒိုက်သည် ၄င်းကို အားပေးစကားပြောကြားပြီး ဖက်လဲတကင်းပြုကာ နှစ်သိမ့်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါလုပ်ရပ်ကို ကွင်းအတွင်းပရိသတ်များသာမက ရုပ်သံမှကြည့်ရှုသူများပါ ဗန်ဒိုက်ကို ချီးကျူးခဲ့ကြကြောင်း သိရသည်။

ဗန်ဒိုက်က ''ဟာတီဂန်က သူ့အမေကွယ်လွန်သွားတဲ့အတွက် သူ့အနေနဲ့ ဖြေမဆည်နိုင်အောင်ဖြစ်ရတယ်လို့ ကျွန်တော့်ကိုပြောပါတယ်။ ဒါနဲ့ ကျွန်တော်သူ့ကိုနှစ်သိမ့်ခဲ့ပြီး ဒီပွဲမှာခင်ဗျားအကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ကျွန်တော့်ရဲ့ ပြောစကားက သူ့ရဲ့နာကျင်မှုကို လုံးလုံးပျောက်ကင်းစေမှာ မဟုတ်ပေမယ့် သူ့အတွက်အကူအညီဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်'' ဟုပြောကြားခဲ့သည်။

ဟာတီဂန်သည် ၂၀၀၈ ခုနှစ်မှ စတင်ကာ FIFA ၏ တရားဝင်ဒိုင်လူကြီးအဖြစ်သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး ဥရောပထိပ်တန်းဒိုင်လူကြီးများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။

Most Read

Most Recent