မြန်မာအသင်း ဗီယက်နမ်ကိုသရေကစားပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် မျှော်လင့်ချက်ပိုကောင်းလာ

မြန်မာအသင်း ဗီယက်နမ်ကိုသရေကစားပြီး ဆီမီးဖိုင်နယ်တက်ရောက်ရန် မျှော်လင့်ချက်ပိုကောင်းလာ
Photo: AFP
Photo: AFP
Published 20 November 2018

 



မြန်မာ ၀-၀ ဗီယက်နမ်

၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (A) စတုတ္ထနေ့ကို ယနေ့ဆက်လက်ကျင်းပခဲ့ရာမှာ မြန်မာအသင်းဟာ အိမ်ကွင်းမှာ ဗီယက်နမ်အသင်းကို ဂိုးမရှိသရေကစားနိုင်ခဲ့ပါတယ်။

ရှေ့ပွဲစဉ် (၂) ပွဲမှာ ကမ္ဘောဒီးယား၊ လာအိုတို့ကို (၂) ပွဲဆက်အနိုင်ရခဲ့ပေမယ့် အခုရင်ဆိုင်ရမယ့်  ဗီယက်နမ်ဟာ အနိုင်ရခဲ့တဲ့ (၂) သင်းထက်အစစအရာရာပိုတောင့်တင်းတဲ့ အသင်းဖြစ်တာကြောင့် မြန်မာအသင်းအနေနဲ့ အခုပွဲကို သေချာပြင်ဆင်လာခဲ့ပါတယ်။

မြန်မာအသင်းနည်းပြ အန်တွမ်နီဟေးဟာ ဒီနေ့ပွဲမှာတော့ ပွဲထွက်လူစာရင်းကိုအပြောင်းအလဲလုပ်ခဲ့ပြီး ပွဲပယ်ခံထားရတဲ့ သိန်းသန်းဝင်းနေရာမှာ နန္ဒကျော်ကို အသုံးပြုခဲ့သလို၊ ဒေးဗစ်ထန်းနေရာမှာ ဝင်းမိုးကျော်၊  ပြည့်ဖြိုးကျော်နေရာမှာ စိုးမိုးကျော်တို့ကို အသုံးပြုခဲ့ကာ ဗီယက်နမ်အသင်းရဲ့လျှင်မြန်တဲ့ တန်ပြန်တိုက်စစ်အားကို ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်မှာမြန်မာအသင်းရဲ့ကစားပုံဟာ နိုင်ပွဲရခဲ့တဲ့ ရှေ့ (၂) ပွဲကထက်ပိုမိုကောင်းမွန်ခဲ့ပြီး ကွင်းလယ်ချိတ်ဆက်မှုအပိုင်းမှာလည်း ပိုမိုတိကျအောင်ကစားနိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ဗီယက်နမ်အသင်းအမှားစောင့်ကစားနေပြီး တိုက်စစ်ရဲရဲမဖွင့်ရဲတာကြောင့် မြန်မာအသင်းက ပိုမိုဖိအားပေးကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပွဲချိန်ကြာလာတာနဲ့အမျှ ဗီယက်နမ်အသင်းကမြန်မာအသင်းဘက်ကို အချိတ်ဆက်ဆက်မိမိနဲ့ ပြန်လည်ထိုးဖောက်ခဲ့လို့ ပွဲကကြည့်ကောင်းခဲ့ပါတယ်။

ပွဲချိန် (၃၀) ကျော်မှာတော့ ဗီယက်နမ်အသင်း ဂိုးရနိုင်တဲ့ အခွင့်အရေးကောင်းတွေရခဲ့ပြီး၊  ဂိုးကန်သွင်းမှုတစ်ကြိမ်တိုင်ထိထွက်ခဲ့သလို၊ မြန်မာအသင်းရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားကျော်ဇင်ထက်တို့ အမှားအယွင်းမရှိခဲ့တာကြောင့် အရာမထင်ခဲ့တာပါ။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပြီး၊ ဒုတိယပိုင်းအစမှာပဲ ပွဲကအရှိန်မြင့်ခဲ့ပါတယ်။



ဒုတိယပိုင်းအစမှာရရှိတဲ့ မြန်မာအသင်းရဲ့ဂိုးရနိုင်တဲ့အခွင့်အရေးကို ဗီယက်နမ်ဂိုးသမားကာကွယ်နိုင်ခဲ့သလို၊ ဗီယက်နမ်အသင်းရဲ့ သေချာပေါက်ဂိုးရနိုင်တဲ့ အခွင့်အရေး (၄) ကြိမ်လောက်ကိုလည်း မြန်မာဂိုးသမားကျော်ဇင်ထက် အကောင်းဆုံးလက်စွမ်းပြကာကွယ်နိုင်ခဲ့လို့ ဂိုးတွေတော့ မမြင်ခဲ့ရပါဘူး။

ပွဲချိန်ဒုတိယပိုင်းမှာ ဗီယက်နမ်အသင်းက ပိုကောင်းအောင်ကစားနိုင်ခဲ့သလို၊ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းအပေးအယူမျှတဲ့ချိတ်ဆက်မှုတွေ၊ လျှင်မြန်မှုတွေနဲ့ မြန်မာအသင်းဘက်ကို ဆက်တိုက်ဖိအားပေးနိုင်ခဲ့တာပါ။

ဒါပေမဲ့ နည်းပြအန်တွမ်နီဟေးရဲ့လူငယ်တွေနဲ့ အပြောင်းအလဲလုပ်ထားတဲ့ မြန်မာအသင်းရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားကျော်ဇင်ထက်တို့ အကောင်းဆုံးပုံစံမှာရှိနေခဲ့တာကြောင့် ဗီယက်နမ်အသင်းရဲ့ ဂိုးရဖို့ကြိုးစားမှုဟာ အရာမထင်ခဲ့တာပါ။

မိနစ် (၈၀) နောက်ပိုင်းမှာလည်း မြန်မာအသင်းနည်းပြအန်တွမ်နီဟေးဟာ အပြောင်းအလဲတစ်ချို့လုပ်ပြီး အိမ်ကွင်းမှာရလဒ်ကောင်းဖို့ကြိုးစားခဲ့ပေမယ့် ဗီယက်နမ်အသင်းဘက်ကို ထိုးဖောက်ဖို့ခက်ခဲခဲ့တာကြောင့် အနိုင်ဂိုးနဲ့ဝေးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာလည်း နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ခဲ့လို့ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးခဲ့ပြီး၊ မြန်မာအသင်းကတော့ အုပ်စုပွဲ (၃) ပွဲကစားပြီးချိန်မှာ (၂) ပွဲနိုင်၊ (၁) ပွဲသရေ၊ ရမှတ် (၇) မှတ်နဲ့ ဗီယက်နမ်အသင်းနဲ့ ရမှတ်တူနေပေမယ့် သွင်းဂိုးအသာနဲ့အတူ အုပ်စုပထမနေရာမှာဆက်လက်ရပ်တည်နေပြီး၊ မလေးရှားအသင်းကတော့ ရမှတ် (၆) မှတ်နဲ့ အုပ်စုတတိယနေရာမှာရှိနေပါတယ်။

အုပ်စု (A) ရဲ့အခြားပွဲစဉ်မှာတော့ ကမ္ဘောဒီးယားအသင်းက အိမ်ကွင်းမှာ လာအိုအသင်းကို (၃-၁) ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

ဒါကြောင့်အုပ်စု (A) ရဲ့ဆီမီးဖိုင်နယ်တက်ရောက်ရေးပြိုင်ဆိုင်မှုဟာအုပ်စုနောက်ဆုံးပွဲချိန်အထိ အသက်ဝင်ခဲ့ပါတယ်။

အုပ်စု (A) ရဲ့နောက်ဆုံးပွဲစဉ်တွေကိုတော့ နိုဝင်ဘာလ (၂၄) ရက်နေ့မှာ ယှဉ်ပြိုင်မှာဖြစ်ပြီး မြန်မာအသင်းက မလေးရှားအသင်းနဲ့ အဝေးကွင်းယှဉ်ပြိုင်ရမှာဖြစ်ကာ၊ ဗီယက်နမ်အသင်းကတော့ ကမ္ဘောဒီးယားအသင်းနဲ့ အိမ်ကွင်းမှာယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု (A) ပွဲစဉ် ရလဒ်များ

မြန်မာ ၀-၀ ဗီယက်နမ်

ကမ္ဘောဒီးယား ၃-၁ လာအို

 

 

 

 

 

 

 

 

 

 

 

Most Read

Most Recent