ဘာစီလိုနာအသင်း၏ ခရိုအေးရှားကွင်းလယ်လူ ရာကီတစ်သည် တံကောက်ကြောဒဏ်ရာကြောင့် (၂)ပတ်ခန့် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။
ရာကီတစ်သည် အဆိုပါဒဏ်ရာကို ခရိုအေးရှား (၃-၂) စပိန်တို့၏ UEFA Nations League ပွဲစဉ်တွင် ရရှိခဲ့ခြင်း ဖြစ်ပြီး အင်္ဂလန်အသင်းနှင့်ပွဲစဉ်ကို ကစားမည်မဟုတ်ဘဲ ဘာစီလိုနာအသင်းသို့ ပြန်လာခဲ့ကြောင်း သိရသည်။
ဘာစီလိုနာအသင်းက ရာကီတစ်အနေဖြင့် မည်မျှအနားယူမည်ဆိုသည်ကို ထုတ်ပြန်ခြင်းမရှိဘဲ တံကောက်ကြောဒဏ်ရာရရှိခြင်းမှာ အမှန်ဖြစ်သည်ဟု အတည်ပြုခဲ့သည်။
သို့သော် ပုံမှန်အနေဖြင့် တံကောက်နာကျင်သည့် ဒဏ်ရာရကစားသမားများက (၂)ပတ်သာ အနားယူရလေ့ရှိရာ ရာကီတစ်အနေဖြင့် နိုဝင်ဘာ (၂၉)ရက်တွင် ကစားရမည့် PSV အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ပြန်လည်ကစားဖွယ်ရှိကြောင်း သိရသည်။
အသက် (၃၀)နှစ်အရွယ်ရှိ ရာကီတစ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ပြီး ပြိုင်ပွဲစုံ (၁၇)ပွဲကစားရာ (၃)ဂိုးသွင်းယူနိုင်ခဲ့သည်။