မန်ယူကွင်းလယ်လူသစ် မာတစ်နှင့် တွေ့ဆုံခြင်း

မန်ယူကွင်းလယ်လူသစ် မာတစ်နှင့် တွေ့ဆုံခြင်း
Published 2 August 2017

မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ ယခုနွေရာသီ အပြောင်းအရွှေ့ကာလအတွင်း တတိယမြောက် ကစားသမားခေါ်ယူမှုအဖြစ် အသင်းဟောင်း ချယ်လ်ဆီးရဲ့ကွင်းလယ်လူ နီမန်ယာမာတစ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ သုံးနှစ်စာချုပ် ချုပ်ဆိုပြီး ဇူလိုင် ၃၁ ရက်မှာ အပြီးသတ်ခေါ်ယူခဲ့ပါတယ်။ မာတစ်ရဲ့မန်ယူကစားသမားဘ၀ ပထမဆုံးအင်တာဗျူးအဖြစ် MUTV ကို ဖြေကြားခဲ့တာတွေကို ပြန်လည်ဖော်ပြလိုက်ရပါတယ်။

‘မန်ယူကိုပြောင်းဖို့ အလွယ်တကူပဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်’

■မေး - မန်ယူအသင်းက ကြိုဆိုပါတယ် နီမန်ယာရေ။ မန်ယူကစားသမားဖြစ်လာတဲ့ ခံစားချက်လေး ပြောပြပေးပါ။

■ ဖြေ - အတော်လေး ကြီးကျယ်ခမ်းနားပါတယ်။ မန်ယူအသင်းဟာ ကမ္ဘာ့ထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်ပြီး ဒီအသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာရတဲ့အတွက် ကျွန်တော် အလွန်ကျေနပ်ပါတယ်။

■ မေး - ပရီးမီးယားလိဂ်ချန်ပီယံအသင်းကို စွန့်ခွာပြီး ဘာကြောင့် မန်ယူအသင်းကို ရွေးချယ်ခဲ့ရတာလဲ။

■ ဖြေ - မန်ယူဟာ ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ကျွန်တော်ပြောခဲ့ပြီးပါပြီ။ မော်ရင်ဟိုနဲ့လည်း ပြန်လည်လက်တွဲလိုတဲ့ ဆန္ဒရှိပါတယ်။ သူ့လိုနည်းပြမျိုး၊ မန်ယူလိုက လပ်အသင်းမျိုးဖြစ်နေတာကြောင့် ကျွန်တော် များများစားစား စဉ်းစားစရာမလိုပါဘူး။ အလွယ်တကူပဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

■ မေး - ရာသီကြိုခြေစမ်းပွဲတွေ မကစားခဲ့ရတဲ့ ခင်ဗျားရဲ့ ကြံ့ခိုင်မှုအခြေအနေကရော။

■ ဖြေ - ကျွန်တော် အသင်းနဲ့အတူ မလေ့ကျင့်ခဲ့ရပါဘူး။ ကြံ့ခိုင်ရေးနည်းပြတစ်ဦးနဲ့အတူ တစ်ယောက်တည်း လေ့ကျင့်ခဲ့ရပါတယ်။ တကယ်တော့ အသင်းနဲ့အတူ လေ့ကျင့်တာနဲ့ တစ်ဦးတည်းလေ့ကျင့်တာ အတော်လေးခြားနားပါတယ်။ ဒါပေမဲ့ ရာသီသစ်မစတင်မီ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပြင်ဆင်ဖို့ အချိန်လုံလုံလောက်လောက်ရပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော် ရာနှုန်းပြည့်အသင့်မဖြစ်သေးပါဘူး။ မကြာမီမှာတော့ ဖြစ်လာပါလိမ့်မယ်။

■ မေး - မန်ယူအသင်းကို ကြိုရောက်နေတဲ့ လူကာကူ၊ လင်ဒီလော့ဖ်တို့အကြောင်း ဘယ်လောက်သိထားသလဲ။

■ဖြေ - သူတို့အကြောင်း ကျွန်တော်သိပါတယ်။ ဗစ်တာ(လင်ဒီလော့ဖ်)နဲ့ ဘင်ဖီကာမှာ အတူတကွ ကစားခဲ့ဖူးပါတယ်။ လူကာကူနဲ့တော့ အတူမကစားဖူးပါဘူး။ ကျွန်တော် ချယ်လ်ဆီးအသင်းကို ပထမတစ်ကြိမ်ထွက်ခွာပြီးနောက်မှာမှ သူရောက်လာတာပါ။ ချယ်လ်ဆီးကို ပြန်ရောက်လာတော့ သူက အဲဗာတန်ကို အပြီးပြောင်းသွားပြီ။ သူနဲ့အတူလေ့ကျင့်ဖို့၊ အတူကစားဖို့ အခွင့်အရေးမရခဲ့ပါဘူး။ ဒါပေမဲ့ ပြိုင်ဘက်အဖြစ်နဲ့တော့ ကြိမ်ဖန်များစွာ ရင်ဆိုင်ဖူးပါတယ်။ သူတို့ဟာ ကစားသမားကောင်းတွေဖြစ်ပြီး အသင်းရဲ့မျှော်လင့်ချက်ကို ဖြည့်ဆည်းနိုင်လိမ့်မယ်။

■ မေး - မန်ယူရဲ့လက်ရှိလူစာရင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား။

■ ဖြေ - ဒီလူစာရင်းက လုံလောက်နေပြီလို့ ကျွန်တော်ယူဆပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ပိုမိုသမ္ဘာရင့်လာပြီး မော်ရင်ဟိုနဲ့လည်း တစ်နှစ်လက်တွဲထားပြီးဖြစ်လို့ ဘာလုပ်ရမလဲဆိုတာ သိနေပါပြီ။

■ မေး - နောက်ဆုံးအနေနဲ့ ဒီအင်တာဗျူးကိုဖတ်ရှုနေမယ့်၊ ရုပ်သံကနေကြည့်ရှုနေမယ့် ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ယူနိုက်တက်ပရိသတ်တွေကို ဘာပြောချင်လဲ။

■ ဖြေ - ကျွန်တော်ပြောနိုင်တဲ့ အကြောင်းအရာတစ်ခုက အသင်းပရိသတ်တွေ ပျော်ရွှင်စေဖို့ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ပြီးတော့ အမှတ်ပေးချန်ပီယံဖြစ်ဖို့အတွက် ရာနှုန်းပြည့် ထက်ကျော်ပြီး ကြိုးစားသွားမှာပါလို့ ကတိပြုပါတယ်။

Photo - Manutd

Most Read

Most Recent