■ ဟေတီနိုင်ငံတွင် လုံခြုံရေးအခြေအနေများ ပြည့်မီပါက ယခုနှစ်ကုန်၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း အာဏာပိုင်များ ပြောကြား

■ ဟေတီနိုင်ငံတွင် လုံခြုံရေးအခြေအနေများ ပြည့်မီပါက ယခုနှစ်ကုန်၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း အာဏာပိုင်များ ပြောကြား
Published 28 July 2026

အကျပ်အတည်းများ ရင်ဆိုင်နေရသော wတွင် ဆယ်စုနှစ်တစ်စုအတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကျင်းပမည့်ရက်ကို လက်ခံနိုင်ဖွယ်ရှိသော လုံခြုံရေးပတ်ဝန်းကျင် ဖန်တီးပေးနိုင်မှုအပေါ် မူတည်၍ ဒီဇင်ဘာ ၁၃ ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း ယာယီရွေးကောက်ပွဲကောင်စီက ဇူလိုင် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယာယီရွေးကောက်ပွဲကောင်စီ၏ အမိန့်ကြော်ငြာစာအရ သမ္မတ၊ ဥပဒေပြုလွှတ်တော်နှင့် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ၏ ပထမအကြိမ် မဲပေးပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး မဲပေးပွဲနှင့်အတူ ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။

ဒုတိယအကြိမ် မဲပေးပွဲကို ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ပြီး အပြီးသတ်ရလဒ်များကို မတ်လ ၇ ရက်တွင် ထုတ်ပြန်မည်ဟု ယင်းအမိန့်ကြော်ငြာစာ၌ ဖော်ပြထားသည်။

သို့သော်လည်း ယင်းအချိန်ဇယားသည် လက်ခံနိုင်ဖွယ်ရှိသော လုံခြုံရေးပတ်ဝန်းကျင် ဖန်တီးပေးနိုင်မှုနှင့် လိုအပ်သော ဘဏ္ဍာရေးအရင်းအမြစ်များ ရရှိနိုင်မှုအပေါ် မူတည်သည်ဟု သတိပေးထားသည်။

ထို့ပြင် မဲဆန္ဒရှင် မှတ်ပုံတင်ခြင်းကို ဇူလိုင် ၂၀ ရက်တွင် စတင်ခဲ့ပြီး ကိုယ်စားလှယ်လောင်း မှတ်ပုံတင်ရန် နောက်ဆုံးရက်ကို အောက်တိုဘာ ၂ ရက်အဖြစ် သတ်မှတ်ထားကြောင်း အချိန်ဇယား၌ ဖော်ပြထားသည်။

ဟေတီနိုင်ငံတွင် ၂၀၁၆ ခုနှစ်ကတည်းက ရွေးကောက်ပွဲများ ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ နောက်ဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်ခံသမ္မတ ဂျိုဗနဲလ် မွိုက်စ်သည်လည်း ၂၀၂၁ ခုနှစ်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ဩဇာကြီးမားသော ဒုစရိုက်ဂိုဏ်းများသည် မြို့တော် ပို့တ်အူပရင့်စ်၏ အဓိကအပိုင်း အပါအဝင် ဟေတီနိုင်ငံ၏ နယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားသဖြင့် ဒီဇင်ဘာလမတိုင်မီ လုံလောက်သော လုံခြုံရေး ဖန်တီးပေးနိုင်မည့် စွမ်းဆောင်ရည်အပေါ် မရေရာမှုများရှိနေစေသည်။

ဟေတီရဲတပ်ဖွဲ့ကို အထောက်အကူပြုရန် စေလွှတ်ခဲ့သော ကင်ညာ ဦးဆောင်သည့် နိုင်ငံတကာ တပ်ဖွဲ့သည်လည်း အကြမ်းဖက်မှုများကို တားဆီးနိုင်ခြင်းမရှိပေ။

ယင်း ကုလသမဂ္ဂ အသိအမှတ်ပြု တပ်ဖွဲ့ကို ထိုအချိန်မှစ၍ လက်နက်ကိုင်အဖွဲ့များကို ရင်ဆိုင်ရန် ပိုမိုကြီးမားသော လုပ်ပိုင်ခွင့်အာဏာရှိသည့် ဂိုဏ်းများ နှိမ်နင်းရေးတပ်ဖွဲ့ ( GSF) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။

တပ်ဖွဲ့ဝင်အင်အား ၅,၅၀၀ နှင့် အရပ်ဘက်ဝန်ထမ်း ၅၀ အထိ ရောက်ရှိစေရန် ရည်ရွယ်ချက်ဖြင့် ရှေ့လာမည့် သီတင်းပတ်များအတွင်း ထပ်မံအင်အားဖြည့်တင်းသွားမည်ဟု GSF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယခုလအစောပိုင်းတွင် အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟေတီနိုင်ငံအတွက် ဒေါ်လာ သန်း ၈၈၀ လျာထားသော ကုလသမဂ္ဂ၏ ၂၀၂၆ ခုနှစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်သည် လိုအပ်သော ရန်ပုံငွေ၏ လေးပုံတစ်ပုံပင် မပြည့်သေးပေ။

ဇွန်လအတွင်း ဟေတီနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မျက်ကွယ်ပြုထားကြသည့် ကမ္ဘာကြီး၏ လျစ်လျူရှုမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့သည်။

ကုလသမဂ္ဂ၏ ကိန်းဂဏန်းများအရ လူဦးရေ ၁၁ သန်းခန့်ရှိသော ယင်းနိုင်ငံတွင် လက်ရှိ၌ လူပေါင်း ၁ ဒသမ ၅ သန်းနီးပါး နေရပ်စွန့်ခွာနေရပြီး ငါးသန်းကျော်သည် ပြင်းထန်သော အာဟာရမပြည့်ဝမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှုများကို ရင်ဆိုင်နေရသည်။

"ဒီမှာရှိတဲ့ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေဟာ အလွန်ပဲ စိုးရိမ်စရာကောင်းပေမဲ့ မျှော်လင့်ချက် ရောင်ခြည်သေးသေးလေးတွေတော့ ရှိနေပါတယ်" ဟု ဂူတာရက်စ်က ၎င်း၏ ခရီးစဉ်အတွင်း ရေးသားခဲ့သည်။

CARICOM ဟု လူသိများသော ကာရစ်ဘီယံ အသိုက်အဝန်း နိုင်ငံများအဖွဲ့က ရွေးကောက်ပွဲကောင်စီ၏ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ကြသည်။

CARICOM ထိပ်သီးပုဂ္ဂိုလ်များအဖွဲ့၏ ထုတ်ပြန်ချက်တစ်ခုတွင် GSF သို့ တပ်ဖွဲ့ဝင် ပို့ဆောင်ပေးနေသည့် နိုင်ငံများအနေဖြင့် ပထမအကြိမ် ရွေးကောက်ပွဲမတိုင်မီ တတ်နိုင်သမျှ စောစီးစွာ စေလွှတ်ပေးကြရန် တောင်းဆိုခဲ့သည်။

Ref: AFP

Photo: AFP

 

Most Read

Most Recent