နေပြည်တော်တွင် ပြုလုပ်မည့် အစိုးရ၏ ရက် (၁၀၀) ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ UWSA တက်ရောက်မည်

နေပြည်တော်တွင် ပြုလုပ်မည့် အစိုးရ၏ ရက် (၁၀၀) ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ UWSA တက်ရောက်မည်
Published 24 July 2026

နေပြည်တော်တွင် သြဂုတ်လဆန်းပိုင်း၌ ပြုလုပ်မည့် အစိုးရ၏ ရက် (၁၀၀) ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ "ဝ" ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က တက်ရောက်မည်ဖြစ်ကြောင်း "ဝ" ဒေသအခြေစိုက် သတင်းဌာနဖြစ်သည့် Wa News Land သတင်းဌာနက သတင်းဖော်ပြထားသည်။

အဆိုပါဆွေးနွေးပွဲသို့ UWSA အနေဖြင့် တက်ရောက်သွားမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်က Wa News Land သတင်းဌာနကို ပြောကြားထားသည်။

"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့တွင် ဇွန် ၁၈ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် "ဝ" အဖွဲ့ (UWSA) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးနောက် UWSA အနေဖြင့် နေပြည်တော် ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးမည့် အခြေအနေ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ယင်း ဆွေးနွေးပွဲကို သြဂုတ်လဆန်းပိုင်းတွင် ပြုလုပ်မည်ဖြစ်သော် မည်သည့်ရက်တွင် ပြုလုပ်မည်ကို အတိအကျ မသိရသေးပေ။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် "ဝ" အဖွဲ့ (UWSA) တို့ ပန်ဆန်းမြို့တွင် ဇွန် ၁၈ ရက်က အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

UWSA ၏ ထုတ်ပြန်ချက်အရ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း ဖော်ပြထားသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် UWSA ဘက်မှ ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံခြားဆက်ဆံရေးဌာနအကြီးအကဲ ဦးကျောက်ကော်အန်း၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ပေါက်အိုင်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် UWSA ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဝ" ပြည်သည် ပြည်ထောင်စု၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးကို အစဉ်တစိုက် ခိုင်မာစွာ ကာကွယ်ထိန်းသိမ်းလျက်ရှိကြောင်း၊ ကာလရှည်ကြာစွာပင် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုများဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် ရပ်တည်ခဲ့ပြီး နိုင်ငံတော်တွင် ရေရှည်ငြိမ်းချမ်းတည်ငြိမ်မှုရရှိရန် အစဉ်မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကိုးကန့်အဖွဲ့ (MNDAA) မှာလည်း နေပြည်တော်တွင် ပြုလုပ်မည့် အစိုးရ၏ ရက် (၁၀၀) ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။

လက်ရှိတွင် MNDAA က ကွတ်ခိုင်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ချင်းရွှေဟော်၊ ကုန်းကြမ်း၊ မုံးကိုးနှင့် ပန်ဆိုင်း(ကြူကုတ်မြို့) တို့ကို ခရိုင်လေးခုအဖြစ် ဖွဲ့စည်းပြီး အထူးဒေသ(၁)အဖြစ် အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။

UWSA နှင့် MNDAA အနေဖြင့် နေပြည်တော်သို့ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးဖြစ်ပါက အစိုးရထံ ပြည်နယ်ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တိုးချဲ့နယ်မြေများကို နိုင်ငံရေးအရ အသိအမှတ်ပြုခံရရေး ဆွေးနွေးလာနိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်လျက်ရှိကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်ကလည်း အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဖွဲ့ (PSLF/TNLA) တို့ နေပြည်တော်၌ တွေ့ဆုံ၍ နိုင်ငံတော်ငြိမ်းချမ်းရေးကို ရှေးရှုပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent