မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးကျေးရွာရှိ သမိုင်းဝင်တောင်ပြုံး ဆုတောင်းပြည့် - ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်တောင်ပြုံး ဆုတောင်းပြည့် - ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနှင့် တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို ၁၃၈၈ ခုနှစ်၊ ဝါခေါင်လဆန်း (၈) ရက်မှ (၁၅) ရက်၊ (၂၁-၈-၂၀၂၆) ရက်မှ (၂၈-၈-၂၀၂၆) ရက် အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း သိရှိရပါသည်။
ဘုရားဖူး တိုင်းရင်းပြည်သူများ၊ ရိုးရာဓလေ့ကိုးကွယ်သူများ လာရောက်ရောင်းချကြမည့် ဈေးသူ/ဈေးသားများ စိတ်အေးချမ်းသာစွာဖြင့် လာရောက်နိုင်ကြောင်း အသိပေးကြေညာထားပြီး၊ နယ်မြေဒေသအခြေအနေသည် အေးချမ်းတည်ငြိမ်လျက်ရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ ဆက်လက် သိရသည်။
ဝါခေါင်လဆန်း ၈ ရက်နေ့ ပထမနေ့တွင် ကန်တော့ခံ၊ ဝါခေါင်လဆန်း ၉ ရက်နေ့ ဒုတိယနေ့ ကန်တော့ခံ၊ ဝါခေါင်လဆန်း ၁၀ ရက်နေ့ ည ညီလာခံ၊ ဝါခေါင်လဆန်း ၁၁ ရက်နေ့ ချိုးရေတော်သုံး၊ ဝါခေါင်လဆန်း ၁၂ ရက်နေ့ နန်းတက်ပွဲများ၊ ဝါခေါင်လဆန်း ၁၃ ရက်နေ့ ယုန်ထိုး၊ ဝါခေါင်လဆန်း ၁၄ ရက်နေ့ ထိန်ခုတ်၊ ဝါခေါင်လဆန်း ၁၅ ရက်နေ့ ပခန်းမင်းပို၊ ဝါခေါင်လပြည့်ကျော် ၁ ရက်နေ့ ရွှေဘုံဆင်း ကျင်းပလေ့ရှိပြီး တောင်ပြုံး ဆုတောင်းပြည့်ဘုရားပွဲတော်ကို ဝါခေါင်လဆန်း ၁၀ ရက်မှ လပြည့်နေ့အထိ ကျင်းပပြီး လပြည့်နေ့နံနက်တွင် သံဃာ့ဒါနဆွမ်းလောင်းလှူပွဲ ကျင်းပလေ့ရှိကြောင်း သမိုင်းမှတ်တမ်းများအရ သိရှိရပါသည်။
သတင်းနှင့် ဓာတ်ပုံ- သက်ထွန်းအောင်















