ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ဘူတာကြီးမှမှ မန္တလေးဘူတာသို့ထွက်ခွာလာသည့် အမှတ်(၃)အဆန် ရန်ကုန်-မန္တလေး ခရီးသည်စီးအထူးရထား DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ လုပ်ဆောင်ခဲ့သည့် ခရီးသည်အမျိုးသမီး (၄)ဦးအား ဇူလိုင် ၂၃ ရက်နေ့၌ ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အမျိုးသမီး ၄ ဦးအား အမှုဖွင့်အရေးယူထားသည့်အခြေအနေနှင့်ပတ်သက်ပြီး “ရထားပေါ်မှာ စည်းကမ်းမဲ့လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တိုင်ထားတာဟုတ်ပါတယ်ခင်ဗျ၊လုပ်တာက အမျိုးသမီးလေးဦးပါပဲ သူတို့ကို ပျဉ်းမနားရဲစခန်းမှာပဲအပ်ခဲ့တာပါ အမှုဖွင့်အရေးယူတာက ရဲစခန်းကပဲလုပ်တာပါ” ဟု ပျဉ်းမနားဘူတာမှ တာဝန်ရှိသူ တစ်ဦးကအတည်ပြုပြောကြားသည်။
ဇူလိုင်လ ၂၁ရက်နေ့ နံနက် ၆ နာရီတွင် ရန်ကုန်မှမန္တလေးသို့ ထွက်ခွာလာသည့် အမှတ် ၃ အဆန် DEMU ခရီးသည်စီးအထူးရထားသည် နံနက် ၁၁ နာရီခွဲအချိန်တွင် ပျဉ်းမနားဘူတာသို့ ဆိုက်ရောက်လာခဲ့ကြောင်းသိရသည်။ ထိုသို့ဆိုက်ရောက်စဉ် ပျဉ်းမနားဘူတာမှလိုက်ပါလာသည့် အမျိုးသမီး(၄)ဦးတို့သည် ရထား အထက်တန်းတွဲ(၁)၊ ခုံအမှတ် 36, 3B, 44, 4B တွင် လိုက်ပါစီးနင်းခဲ့ကြပြီး ရထားပေါ်၌ ကျယ်လောင်စွာ စကားပြောခြင်း၊ ကွမ်းစားပြီး ကွမ်းယာပြင်ဆင်ခြင်း၊ ထိုင်ခုံအစွပ်များတွင် ကွမ်း၊ ထုံးနှင့် ကွမ်းတံတွေးများအား ပေကျံစေခြင်း၊ ပတ်ဝန်းကျင်အား ညစ်ပတ်အောင်ပြုလုပ်ခြင်းများအပြင် ကွမ်းတံတွေး ထည့်ထားသည့် ဘူးများကိုလည်း မန္တလေးဘူတာ ရောက်ရှိပြီး ရထားပေါ်မှဆင်းသည့်အချိန်ထိ မရှင်းလင်းဘဲ ထားခဲ့ကြောင်း၊ ထို့ပြင် ရထားဝန်ထမ်းများမှ တွေ့မြင်ခဲ့သော်လည်း တားမြစ်ခြင်း၊ သတိပေး ခြင်းမျိုးမရှိ ခဲ့ကြောင်း၊ စည်းကမ်းဖောက်ဖျက်သူများအား မြန်မာ့မီးရထားတာဝန်ရှိသူတွေ အနေဖြင့် အရေး ယူပေးစေလိုကြောင်း Khin Maungအမည်ဖြင့် Tik Tok အကောင့်တွင် ရေးသားဖော်ပြပါရှိလာခဲ့မှုအပေါ် ရထားရဲတပ်ဖွဲ့မှ စုံစမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရထားရဲတပ်ဖွဲ့၏ စုံစမ်းချက်အရ အဆိုပါနေ့က အမှတ် ၃/အဆန် ရန်ကုန်-မန္တလေး DEMU ရထား အထက်တန်းတွဲ(၁)၊ ခုံအမှတ် 3A, 3B, 4A, 4B တွင် လိုက်ပါစီးနင်းခဲ့ကြသည့် အမျိုးသမီး ၄ ဦးတို့မှာ ဒေါ်……. ၅၉ နှစ်၊ ဒေါ်…… ၅၇ နှစ်၊ဒေါ်…….. ၄၈ နှစ်နှင့် ဒေါ်…… ၅၈ နှစ်တို့ဖြစ်ပြီး ပျဉ်းမနားမြို့ ရွာကောက်ရပ်ကွက်နေကြသူများဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင်ပတ်သက်ပြီး ဇူလိုင်လ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် မခင်မာလွင် ပါ (၄)ဦးတို့အားအရေးယူပေးရန် ပျဉ်းမနားဘူတာ ဒုရုံပိုင် ဦးရဲသက်အောင်က ပျဉ်းမနားမြို့မရဲစခန်းတွင် တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ပျဉ်းမနားမြို့မရဲစခန်းမှ (ပ)အမှတ် ၂၃၃/၂၁၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေ ပုဒ်မ ၈၈(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဇော်ဝင်းချစ်(တောင်ငူ)















