တောင်ကြီးမြို့နယ်တွင်းရှိ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များကို လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းပေး

တောင်ကြီးမြို့နယ်တွင်းရှိ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များကို လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး သင်တန်းပေး
Published 16 July 2026

တောင်ကြီးမြို့နယ်တွင်းရှိ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များကို လုပ်ငန်း စွမ်းဆောင်ရည်မြင့်မားရေး ရက်သတ္တ ၄ ပတ် သင်တန်းပေးနေကြောင်း သိရသည်။ ထိုသင်တန်းသို့ တောင်ကြီးမြို့နယ်ရှိ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (၇၅) ဦး တက်ရောက် သင်ကြားနေကြောင်း သိရသည်။

နိုင်ငံတော်အုပ်ချုပ်ရေးကဏ္ဍတွင် အခြေခံအုတ်မြစ်ဖြစ်သော ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးကဏ္ဍတွင် အဓိကအရေးပါသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးနှင့် ပြည်သူ့ဗဟိုပြုဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေ/နည်းဥပဒေများနှင့်အညီ ဖြစ်စေရေးနှင့် ပြည်သူလူထုယုံကြည်ကိုးစားရသည့် အုပ်ချုပ်ရေးမှူးကောင်းများဖြစ်စေရေး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ အရည်အသွေးများ မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တောင်ကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ထံမှ သိရပါသည်။

သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များမှာ (၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို လိုက်နာစောင့်ထိန်းရန်(၂) နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ ရည်မှန်းချက်များအား သိရှိနားလည်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် (၃) ပြည်သူ့ဗဟိုပြု ကောင်းမွန်သောအုပ်ချုပ်ရေးဖော်ဆောင်နိုင်စေရန်(၄) အထက်ဌာနနှင့် ပြည်သူ့အကြား ပေါင်းကူးတံတားသဖွယ် ထိရောက်စွာ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်တို့ ဖြစ်ကြောင်း သိရသည်။

“အခု အုပ်ချုပ်ရေးမှူး သင်တန်း ဆိုတာ ပထမ တက်တာပါ၊ ၁၁ ကနေ ၁၅ ၊ ၁၅ ကနေ ၂၀၊ ၂၀ ကနေ ၂၆ အထိပေါ့ အုပ်ချုပ်ရေးမှူး ဆိုတာ ပြည်သူ့ ဝန်ထမ်းတွေပါ၊ ပြည်သူ ကနေ ခန့်အပ်လိုက်တာ ပြည်သူ့ဝန်ထမ်း၊ ရပ်ရွာ တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေး၊ အုပ်ချုပ်ရေးမှူးတွေကနေ စွမ်းဆောင်ပြီး နိုင်ငံ့ဝန်ထမ်း ဌာနဆိုင်ရာ ထွေအုပ်တွေ တရားစွဲဆိုရေး အဖွဲ့တွေနဲ့ ပေါင်းစပ် ညှိနှိုင်းပြီး ဆောင်ရွက်ရတဲ့ အဖွဲ့သာ ဖြစ်ပါတယ်။ ဒါကြောင့် အခြေခံကျတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူး တွေက အဓိက ကျတာပေါ့။ တည်ငြိမ်အေးချမ်းဖို့ ဖွံ့ဖြိုးတိုးတက်ဖို့ပေါ့။ ပိုပြီး အမြင်ကျယ်သွားတယ်။ အကျိုး ဖြစ်သွားတယ်။ ပြည်သူတွေကို အကျိုးပြုဖို့ အလားအလာ ကောင်းသွားတာပေါ့”ဟု ရွှေတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ က ပြောသည်။

“ကောင်းကျိုး အများကြီး ရတာပေါ့။ ရပ်ကွက်အုပ်ချုပ်ရေးမှူး အနေနဲ့ သိသင့်သိထိုက်တဲ့ ဗဟုသုတ ရတာပေါ့။ ဒါတွေ သိထားခြင်း အားဖြင့် ရှေ့ဆက်လုပ်ငန်း ပိုမို လွယ်ကူတာပေါ့။ ပြည်သူတွေကို လည်း အသိပညာပေးတာ အဆင်ပြေတယ်”

ဟု အေးသာယာမြို့ ရပ်ကွက် ၉ အုပ်ချုပ်ရေးမှူး ဦးဆွေမြင့် က ပြောသည်။

“ဒါလုပ်လိုက်မှ သိသွားတာ၊ ဒီထက် ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်နိုင်မှာ ၊ အချက် ကို များတာပေါ့ ။ ဌာန ပေါင်းစုံကနေ လာသင်ပေးတယ်။ အများကြီး ကို သိရတယ်။ လုပ်ငန်းတွေ အပေါ် မှာ အကျိုးအမြတ်တွေ ပေါ်လာမှာ၊ တကယ်ကို ဝမ်းသာတယ်”ဟု စိန်ပန်း ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းရွှေ က ဆိုသည်။

သင်တန်းကို ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ ရက်သတ္တ ၄ ပတ် ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပြီး သင်တန်းအတွင်း နိုင်ငံတော်အစိုးရ၏ မူဝါဒ ရည်မှန်းချက်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကိုင်တွယ်ကျင့်သုံးလျက် ရှိသော ဥပဒေ၊ နည်းဥပဒေများ၊ ပင်မလုပ်ငန်း တာဝန်များဖြစ်သည့် ယစ်မျိုးစီမံ ခန့်ခွဲခြင်း၊ ယစ်မျိုးဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အခွန်(၄)မျိုးကောက်ခံခြင်း၊ ရပ်ကျေးဥပဒေနှင့် နည်းဥပဒေ၊ မြို့/ရပ်ကွက်/ကျေးရွာအုပ်စု/ ကျေးရွာများ ပြင်ဆင်ဖွဲ့စည်းခြင်း၊ မြေယာ စီမံခန့်ခွဲခြင်း၊ လောင်းကစားဥပဒေ၊ ဦးစီးတာဝန်၊ ရုံးလုပ်ငန်းလက်စွဲကောက်နုတ်ချက်များ၊ ရုံးအသုံးစရိတ်များအား ငွေစာရင်းရေးဆွဲ ထိန်းသိမ်းရေးနည်းလမ်းများ၊ အသင်းအဖွဲ့ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ လူဦးရေ၊ ဖွား/သေဆိုင်ရာကိစ္စရပ်များ၊ ဘိလိယက်ခုံ လိုင်စင်ထုတ်ပေးခြင်းဆိုင်ရာ ကိစ္စရပ် များစသည့် ဘာသာရပ်များအပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဆက်စပ်သည့် အခြား ဌာနဆို်ရာ ၁၅ ခု၏ ဘာသာရပ်များကိုလည်း သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent