ချင်းပြည်နယ် ဖလမ်းမြို့ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများကို ထောက်ပံ့ပစ္စည်းများ ထပ်မံပေးအပ်

ချင်းပြည်နယ် ဖလမ်းမြို့ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများကို ထောက်ပံ့ပစ္စည်းများ ထပ်မံပေးအပ်
Published 15 July 2026

ချင်းပြည်နယ် ဖလမ်းမြို့ရှိ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသူများကို ထောက်ပံ့ပစ္စည်းများ ထပ်မံပေးအပ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁၄ ရက်တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့  ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော်များ၊ မြို့မိမြို့ဖများ၊ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဒုတိယဝန်ကြီးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာရုံးများလည်း ပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးမှာ ဒေသတည်ငြိမ်အေးချမ်းရေးသည် အဓိကအရေးကြီးကြောင်း၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာ သိက္ခာတော်ရ ဆရာတော်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ အားလုံးပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် နေ့စဉ်ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးသော အခြေခံ လိုအပ်သည့် စားသောက်ကုန်များနှင့် စားရေရိက္ခာများအား နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ထပ်မံဝင်ရောက်လာမည့် ပြည်သူများကိုလည်းဆက်လက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးနှင့် ကော်မတီဝင်များမှ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာသည့်ပြည်သူ ၂၃၃ ဦးအတွက် ဆန် ၇၂ အိတ်နှင့် ဆီ ၂၇၃ ပိဿာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဖလမ်းမြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့် ကလေးကျန်းမာရေးဌာနသို့ ရောက်ရှိခဲ့ရာ ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးပေးခြင်း ဆောင်ရွက်မှုအခြေအနေများ၊ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အသိပညာပေးခြင်းများ၊ (၅) နှစ်အောက် ကလေးများကို တိုးချဲ့ကာကွယ်ဆေးထိုးပေးခြင်း ဆောင်ရွက်မှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

လက်ရှိအချိန်ထိ ဖလမ်းမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင် (၃၄) ဦးနှင့် (၅) နှစ်အောက် ကလေး (၉၂)ဦးအား ကာကွယ်ဆေးထိုးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များတွင် ကိုယ်ဝန်ဆောင်မိခင် (၁၅၈၀၂) ဦးနှင့် (၅) နှစ်အောက်ကလေး (၇၇၈၀) ဦးအား ကာကွယ်ဆေးထိုးပေးခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း၊ နိုင်ငံတော်မှ ကိုယ်ဝန်ဆောင်မိခင်များနှင့် (၅) နှစ်အောက် ကလေးများအတွက် လိုအပ်သည့်ကာကွယ်ဆေးနှင့် ဆေးပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent