အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသခံများ ပုံမှန်ဝင်ငွေရရှိနိုင်မည့် လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပံ့ပိုးပေးရန် လိုအပ်ဟုဆို

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသခံများ ပုံမှန်ဝင်ငွေရရှိနိုင်မည့် လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပံ့ပိုးပေးရန် လိုအပ်ဟုဆို
Published 14 July 2026

အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသခံများ ပုံမှန်ဝင်ငွေရရှိနိုင်မည့် လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများက ဝိုင်းဝန်းပံ့ပိုးပေးရန် လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့်အတူ ဇူလိုင် ၁၂ ရက်တွင် ဖလမ်းမြို့နယ်ရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သော စပျစ်သီးစိုက်ပျိုးရေးခြံများ၊ စပျစ်ဝိုင်ပြုလုပ်နေမှုများ၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းနှင့် အသေးစားအိမ်တွင်းလက်မှု လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဖလမ်း - သိုင်းငင်း လမ်းပိုင်းပေါ်ရှိ ကြောင်ဟဲင်ကျေးရွာမှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သော စပျစ်သီးစိုက်ပျိုးရေးလုပ်ငန်းနှင့် စပျစ်ဝိုင်ပြုလုပ်နေမှုများကို သွားရောက်ကြည့်ရှုရာ စပျစ်သီးစိုက်ပျိုးရေးနှင့် စပျစ်ဝိုင်ထုတ်လုပ်မှုလုပ်ငန်းသည် အိုးမကွာ၊ အိမ်မကွာ လုပ်ကိုင်နိုင်သည့် အသေးစားလက်မှုလုပ်ငန်းဖြစ်သည့်အပြင် ဒေသခံများ ပုံမှန်ဝင်ငွေရရှိနိုင်မည့် လုပ်ငန်းဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနများမှ ဝိုင်းဝန်းပံ့ပိုးပေးရန်လိုအပ်ကြောင်း၊ အသေးစားလက်မှုလုပ်ငန်းမှ အကြီးစား စက်မှုလုပ်ငန်းသို့ ချဲ့ထွင်ဆောင်ရွက်နိုင်ပါက သားစဉ်မြေးဆက်များအထိ အမွေဆက်ခံနိုင်မည့် မိသားစုလုပ်ငန်းဖြစ်လာမည်ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးကူညီလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ကြောင်ဟဲင်ကျေးရွာသည် ဖလမ်းမြို့မှ (၃) မိုင် အကွာတွင်တည်ရှိပြီး အိမ်ခြေ ၆၀ ခန့်ရှိကာ တပိုင်တနိုင် စပျစ်သီးစိုက်ပျိုးရေးနှင့် စပျစ်ဝိုင်ထုတ်လုပ်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြပြီး စပျစ်သီးနှင့်စပျစ်ဝိုင်များကို  ဖလမ်းမြို့၊ ဟားခါးမြို့နှင့် ကလေးမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ သင်တန်းကျောင်းအတွင်း သန့်ရှင်းသာယာလှပ စေရေး ဆောင်ရွက်ထားရှိမှုများ၊ သင်ကြားရေးသုံးပစ္စည်း ပြင်ဆင်ထားရှိမှုများ၊ သင်တန်း ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်ထားရှိမှုများ၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရက်ကန်းစင်များနှင့် စက်ပစ္စည်းများ၏ အခြေအနေတို့ကို သင်တန်းကျောင်းတာဝန်ရှိသူများမှ  ရှင်းလင်းတင်ပြြကကြောင်း သိရသည်။

ဖလမ်းမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းကို ၁၉၅၄ ခုနှစ်တွင် အခြေခံ သင်တန်းကျောင်းအဆင့်ဖြင့် တစ်နှစ်သင်တန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၉၂-၁၉၉၃ ပညာသင်နှစ်တွင် အထက်တန်းရက်ကန်းကျောင်းအဆင့်ဖြင့် ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ (၂)နှစ် သင်တန်းသို့ တိုးမြှင့်ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၉၉၉-၂၀၀၀ ပညာသင်နှစ်မှစ၍ ယခုအချိန်ထိ ပညာသင်ကာလကို တစ်နှစ် သင်တန်းအဖြစ် ကာလလျှော့ချ ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီး လက်ရှိတွင်ချည်မျှင်နှင့်အထည်အလိပ် ကျွမ်းကျင်သူသင်တန်း၊ လက်ရက်ကန်းသင်တန်း၊ သဘာဝဆိုးဆေးနည်းပညာသင်တန်း၊ တိုင်းရင်းသား ရိုးရာဂျပ်ခုတ်နည်းပညာသင်တန်းများ ဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent