ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံကပြင်- တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့ (KT-CCA) ၏ ဧရိယာအတွင်း၌ ယခု ၂၀၂၆ ခုနှစ်အတွက် ကြိုးကြာငှက်ဥသိုက်အား စတင်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ကျုံကပြင်- တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့ (KTCCA) ထံမှသိရသည်။
ကျုံကပြင်- တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးအဖွဲ့ (KTCCA) အနေဖြင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းများ၏ တစိတ်တပိုင်းအဖြစ် ကြိုးကြာငှက်အသိုက်စာရင်းများကို နှစ်စဉ်ကောက်ယူလျက်ရှိရာ ဒေသခံများ၏ ပူးပေါင်းပါဝင်မှုကြောင့် ယခုနှစ် ၂၀၂၆ ခုနှစ်အတွက် ကြိုးကြာငှက်ဥသိုက်ကို ဇူလိုင် ၈ ရက်က စတင်တွေ့ရှိမှတ်တမ်းတင်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ် ၁၄ မြို့နယ်ထဲတွင် ကြိုးကြာခေါင်းနီငှက်များ ပျံ့နှံ့ကျက်စားလေ့ရှိကြပြီး ဝါးခယ်မမြို့နယ်ထဲ၌ အများဆုံး နေထိုင်ကျက်စားကြကြောင်း၊ ဝါးခယ်မမြို့နယ်အတွင်းရှိသည့် ကျုံကပြင် - တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေး ဧရိယာထဲ၌ ကြိုးကြာခေါင်းနီငှက်သိုက်များအား တစ်နှစ်ထက် တစ်နှစ် ပိုမိုတွေ့ရှိလာရပြီး ကြိုးကြာခေါင်းနီငှက်များမှာ ယခုကဲ့သို့ မိုးရာသီ၌ အသိုက်ဆောက်ခြင်း၊ ဥချခြင်းနှင့် သားပေါက်လေ့ရှိကာ ဥ တစ်လုံးမှ နှစ်လုံးထိသာ ဥကြပြီး တစ်နှစ်တွင် တစ်ကြိမ်သာ သားပေါက်လေ့ရှိကြောင်း သိရသည်။
ကြိုးကြာခေါင်းနီးငှက်များနှင့် ဒေသခံများအကြား ယဉ်ကျေးမှုအရ အစဉ်လာကြီးမားသည့် ဆက်နွယ်မှုများရှိပြီး လယ်သမားများ၏ လုပ်ငန်းဆောင်တာ ကြိုးကြာငှက်တို့၏ ဘဝသံသရာ ဆက်စပ်မှုအနေဖြင့် ကဆုန်၊ နယုန် မိုးစပါး မျိုးစေ့ချခြင်း၊ ပျိုးထောင်ခြင်း၊ မိတ်လိုက်ဖော်ရှာခြင်း၊ အဖော်အဖြစ် ရွေးချယ်ခြင်း၊ စိုက်ပျိုးရေးရာသီအစနှင့် ကြိုးကြာတို့၏ မျိုးဆက်သစ်အတွက် အစပြုချိန်သည် တစ်ချိန်တည်းဖြစ်ကြောင်း၊ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများ၌ စပါးပင်များ ကြီးထွားရှင်သန်ချိန်သည် ကြိုးကြာခေါင်းနီငှက်များ၏ အသိုက်ဆောက်ခြင်း၊ ဥများ ဥခြင်း၊ အကောင်ငယ်များ ပေါက်ဖွားခြင်းနှင့် စိမ်းလန်းစိုပြေနေသော လယ်ကွင်းများသည် ကြိုးကြာများအတွက် လုံခြုံသော အသိုက်ဆောက်ရန်နှင့် အစာရှာရန်နေရာဖြစ်ကြောင်း၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နတ်တော် စပါးရိတ်သိမ်းချိန်တွင် ကြိုးကြာငယ်များ အမွေးအတောင်စုံ၍ ပျံသန်းရန် သင်ယူချိန်၊ ရိတ်သိမ်းပြီး လယ်ကွင်းများတွင် ကျန်ရစ်သော ကောက်နှံစေ့များနှင့် ပိုးမွှားများသည် ကြိုးကြာမိသားစုအတွက် အစာအာဟာရ ပေါများစေကြောင်း၊ ကြိုးကြာခေါင်းနီငှက် စပါးစိုက်ပျိုးမှုနှင့် လယ်သမားတို့ကြားရှိ ဟန်ချက်ညီညီ ယှဉ်တွဲနေထိုင်မှုများအတွက် ဝါးခယ်မမြို့နယ်အတွင်းရှိ ကျုံကပြင်-တက်ဆိပ် ထိန်းသိမ်းရေးနယ်မြေသည် လူနှင့် သဘာဝပတ်ဝန်းကျင်ကြားက အံ့ဩဖွယ်ရာ ဟန်ချက်ညီမှုကို သက်သေခံနေသော နေရာတစ်ခုဖြစ်ပြီး လယ်သမားကြီးများ၏ စပါးစိုက်ပျိုးမှုနှင့်အတူ မျိုးသုဉ်းလုနီးပါး ရှားပါးငှက်မျိုးစိတ်ဖြစ်သော ကြိုးကြာခေါင်းနီငှက်တို့၏ ဘဝသံသရာသည် တစ်သားတည်းကျကာ အပြန်အလှန် ယှဉ်တွဲနေထိုင်ကြပုံမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှကြောင်း KTCCA အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဝါးခယ်မမြို့နယ်ရှိ ကျုံကပြင် - တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေ (Kyon Ka Pyin-Tap Seik Community Conservation Area - KTCCA) အဖွဲ့သည် ဒေသခံများကိုယ်တိုင် ဦးဆောင်ပါဝင်သော ဇီဝမျိုးစုံမျိုးကွဲ စောင့်ကြည့်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ငါးသယံဇာတထိန်းသိမ်းရေးလုပ်ငန်းနှင့် ရေရှည်တည်တံ့သည့် သယံဇာတထုတ်ယူသုံးစွဲရေး နည်းပညာပေးလုပ်ငန်းများကို ဆက်စပ်အဖွဲ့အစည်းတွေနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြိုးကြာခေါင်းနီငှက်မျိုးစိတ်သည် မြန်မာနိုင်ငံတွင် တစ်နှစ်ပတ်လုံး နေထိုင်ကျက်စားကြပြီး ကချင်၊ ရှမ်း၊ ရခိုင်၊ ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်တိုင်းတို့တွင်လည်း တွေ့ရှိရကြောင်း သိရသည်။
Photos: KTCCA















