ကလေးမြို့တွင် ကျပ် ၁ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ  စိတ်ကြွဆေးပြား ခုနစ်သိန်း ဖမ်းဆီး

ကလေးမြို့တွင် ကျပ် ၁ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ  စိတ်ကြွဆေးပြား ခုနစ်သိန်း ဖမ်းဆီး
Published 13 July 2026

ကလေးမြို့တွင် ကျပ် ၁ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ  စိတ်ကြွဆေးပြား ခုနစ်သိန်း ဖမ်းဆီးကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက် ၅ နာရီခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ကလေးမြို့၊ ပင်လုံရပ်ကွက်ရှိ ထက်အောင်နိုင်(ခ)ကိုထက် ၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ၎င်းအား စိတ်ကြွဆေးပြား ၁၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်၊ နယ်မြေ(၄)ရှိ မနှင်းအိဖြူ(ခ)အိဖြူ(ခ) အငယ်မ၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ မမေသဇင်မိုး(ခ)ထူကြီး၊ ရဲလင်း နှင့် စိုးမိုးနိုင်တို့အား စိတ်ကြွဆေးပြား  ၆ ဒသမ ၉ သိန်းနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထပ်မံကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့တွင် ကလေးမြို့၊ စမ်းမြို့ရပ်ကွက်၊  နယ်မြေ(၃)နေ ခင်မောင်ဦး(ခ)ဖက်တီး အား စိတ်ကြွဆေးပြား ၉၉၉၀ ပြားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ကျပ် ၁ ဒသမ ၇၅ ဘီလျံတန်ဖိုးရှိ စုစုပေါင်း စိတ်ကြွဆေးပြား ခုနစ်သိန်းအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသူများဖြစ်သည့် ထက်အောင်နိုင်(ခ)ကိုထက်(၃၉)နှစ်၊ မနှင်းအိဖြူ(ခ)အိဖြူ(ခ)အငယ်မ(၃၄)နှစ်၊ မမေသဇင်မိုး(ခ)ထူကြီး(၃၂)နှစ်၊ ရဲလင်း(၂၆)နှစ်၊ စိုးမိုးနိုင်(၂၂)နှစ် နှင့် ခင်မောင်ဦး(ခ)ဖက်တီး(၃၆)နှစ်တို့အား ကလေးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent