မွန်ပြည်နယ်၌ စက်သုံးဆီတင်သွင်းခွင့်ရရှိနေသည့် ရာဇာမင်းကုမ္ပဏီပိုင်ရှင် ဦးညီညီထွေး အား မော်လမြိုင်မြို့နယ်တရားရုံးမှ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ ဖြင့်ထောင်ဒဏ် (၂) နှစ် နှင့်ဒဏ်ငွေ (၅) သိန်းချမှတ်ခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ဦးညီညီထွေးသည် မွန်ပြည်နယ်အတွင်းရှိပြည်သူများစက်သုံးဆီအခက်အခဲဖြစ်ပေါ်နေချိန်တွင် မွန်ပြည်နယ်တွင် ဖြန့်ဖြူးရန်အတွက် တင်သွင်းလာသော စက်သုံးဆီများကို ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်သို့ တရားမဝင် မှောင်ခိုရောင်းချသဖြင့် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးညီညီထွေး ဆိုသူအား မော်လမြိုင်မြို့၊ မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၄၇/၂၀၂၆၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ - ၅ ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။
"ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်အတွင်းက မော်လမြိုင်မြို့နယ်တရားရုံးမှာ ဦးညီညီထွေး အပေါ်အမှုဖွင့်ထားတဲ့ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ - ၅ အရ ထောင်ဒဏ် (၂) နှစ် နဲ့ ဒဏ်ငွေ (၅) သိန်းချမှတ်ခဲ့တာလို့ သိရပါတယ်" ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။
ထို့အပြင် မွန်ပြည်နယ်အား စက်သုံးဆီတင်သွင်းခွင့်ရရှိနေသည့် ရာဇာမင်းကုမ္ပဏီပိုင်ရှင် ဦးညီညီထွေး အနေဖြင့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ တရားမဝင်ရွှေတူးသမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းမျးထံ စက်သုံးဆီမှောင်ခိုရောင်းချမှုနှင့်ပတ်သက်၍လည်း သထုံခရိုင်တရားရုံးတွင် စစ်ဆေးဆဲအမှုများရှိနေသည့်အပြင်၊ ပင်လယ်ပြင်အတွင်းရှိ စက်လှေများသို့လည်း စက်သုံးဆီအား တရားမဝင် မှောင်ခိုရောင်းချမှုများနှင့် ပတ်သက်၍လည်း မုဒုံမြိုမရဲစခန်းတွင် အမှုဖွင့်အရေးယူခြင်းခံထားရသေးကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချမှုအား ယခင်မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လက်ထက်က Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ က တင်ဒါအောင်မြင်ထားသည့်အတွက် လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း နှင့် မုဒုံမြို့နယ် ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်း မှတဆင့် မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဖြန့်ဖြူးရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်အတွက် စက်သုံးဆီတင်သွင်းခွင့်ရရှိထားသည့် Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့ ကတင်သွင်းသော စက်သုံးဆီဈေးနှုန်းမှာ မြန်မာနိုင်ငံအတွင်း တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ဈေးနှုန်းမြင့်မားလျှက်ရှိပြီး မွန်ပြည်နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဈေးကြီးပေးကာ သုံးစွဲနေကြရသည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အတွင်းရှိပြည်သူများအနေဖြင့် စက်သုံးဆီအား တခြားသောပြည်နယ်နှင့်တိုင်းဒေသကြီးများထက် ဈေးပိုပေး၍ သုံးစွဲနေရခြင်းသည် ရာဇာမင်းကုမ္ပဏီအား စက်သုံးဆီတင်သွင်းခွင့်ပြုထားခြင်းကြောင့်ဖြစ်ကြောင်းကို ပြီးခဲ့သည့် ဇွန်လ (၁၅) ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) အစီအစဉ်တွင် ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇော်မှ မွန်ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းရာ၌ ထည့်သွင်းပြောကြားခဲ့သည်။
ရာဇာမင်းကုမ္ပဏီအား စက်သုံးဆီတင်သွင်းခွင့်ပြုထားခြင်းမှာ မွန်ပြည်နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် တင်သွင်းဖြန့်ဖြူးခွင့်ပြုထားရခြင်းဖြစ်ကြောင်း ပြန်လည်ဝယ်ယူခွင့်ပြုပေးပါရန် မွန်ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းသည့် မေးခွန်းအား မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး မှ ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် ရာဇာမင်းကုမ္ပဏီသည် နိုင်ငံတော်မှ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးသည့် နိုင်ငံခြားငွေမရရှိဘဲ ပြင်ပမှ ဝယ်ယူကာ စက်သုံးဆီတင်သွင်းနေရသည့်အတွက်ကြောင့် မွန်ပြည်နယ်၏ စက်သုံးဆီဈေးနှုန်းမှာ တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများထက် ဈေးနှုန်းပိုများနေရခြင်းဖြစ်ကြောင်းလည်း ဝန်ကြီး ဦးဇေယျာဦးက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်းများ ကျဆင်းရေးအတွက် နည်းလမ်းများရှာကျန်ပြီး ကြိုးပမ်းဆောင်ရွက်လျှက်ရှိသော်လည်း၊ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်းမှ မွန်ပြည်နယ်အတွက် စက်သုံးဆီပြန်လည်ဝယ်ယူခွင့်နှင့်ပတ်သက်ပြီး လတ်တလောဆောင်ရွက်ပေးရန်အစီအစဉ်မရှိသေးကြောင်းလည်း ဝန်ကြီးဦးဇေယျာဦးက မွန်ပြည်နယ်လွှတ်တော်တွင် ပြောကြားထားသည်။
နိုင်ငံတော်က ထုတ်ပြန်ထားသော အမိန့်နှင့် ညွန်ကြားချက်များအား ဖောက်ဖျက်ကျူးလွန်သူ ရာဇာမင်းကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးညီညီထွေးမှာ ထောင်ဒဏ်ချမှတ်ခံထားရသော်လည်း ယင်းကုမ္ပဏီအား မွန်ပြည်နယ်အစိုးရအဖွဲ့မှ အရေးယူမှုတစ်စုံတစ်ရာလုပ်ဆောင်ခြင်းမရှိသေးပေ။
ရာဇာမင်းကုမ္ပဏီ ပိုင်ရှင်နှင့် မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးညီညီထွေးနည်းတူ စက်သုံးဆီလုပ်ငန်းရှင်များဖြစ်ကြသည့် စွမ်းမြန်မာစက်သုံးဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးစိန်တင် (ခ) ကာဆင် (၆၅) နှစ်၊ မိဘမေတ္တာစက်သုံးဆီဆိုင် ပိုင်ရှင်ဖြစ်သူ ဦးမြင့်ဇော်ဦး (ခ) ဇော်ဦး (၄၃) နှစ်၊ မင်းသန့်စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ ဦးလှဝင်းခိုင် တို့ကိုလည်း စက်သုံးဆီများ တရားမဝင်မှောင်ခိုရောင်းချသည်ဟုဆိုကာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ သက်ဆိုင်ရာနယ်မြေရဲစခန်းများ၌ အမှုဖွင့်အရေးယူထားခြင်းခံထားရကြောင်း သိရသည်။
ဘိုဘိုမြင့်















