ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် MEC၊ MPT တယ်လီဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုနိုင်ပြီး တွန်းဇံနှင့် ဖလမ်းမြို့နယ်တို့တွင် MPT တယ်လီဖုန်းလိုင်းများ အသုံးပြုနိုင်ရန် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပြောကြားသည်။
ဇူလိုင် ၆ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ချင်းပြည်နယ်အစိုးရအဖွဲ့သို့ ရှင်းလင်းတင်ပြသည့် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်စဉ် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအား ဒုတိယဝန်ကြီးနှင့်အဖွဲ့မှ လာရောက်ပြီး နေရာအနှံ့ သွားရောက်၍ အောက်ခြေအထိ အသေးစိပ်မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ယခုလိုဆောင်ရွက်ပေးခဲ့မှုကြောင့် ချင်းပြည်နယ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လျှင်မြန်စွာ တိုးတက်လာသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပါက အချိန်တိုကာလအတွင်းမှာ အောင်မြင်မှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်က တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့များတွင် ဦးစီးဌာနရုံးပေါင်း ၁၁၀ ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး အရာထမ်း၊ အမှုထမ်း ၃၄၄၃ ဦးဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံပညာကျောင်း ၂၇၉ ကျောင်း ဖွင့်လှစ်နိုင်ပြီး ဆရာ၊ ဆရာမ ၁၂၃၄ ဦးဖြင့် ကျောင်းသား၊ ကျောင်းသူ ၁၇၆၅၁ ဦးအား ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း၊ ပြည်သူ့ဆေးရုံများဖွင့်လှစ်၍၊ ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်း ၂၇၈ ဦးဖြင့် လူနာပေါင်း ၁၃၀၉၈ ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း၊ ကုသရေးပစ္စည်းများနှင့် ဆေးဝါးများလည်း ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်များလည်း ပုံမှန်လည်ပတ်လျက်ရှိကြောင်း၊ စည်ပင်သာယာစျေးများနှင့် အိမ်ဆိုင်များလည်း ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်းနှင့် ရေရရှိမှုအနေဖြင့် သောက်သုံးရေအား ရေထွက်ပင်ရင်းများမှ သွယ်ယူပြီး ဖြန့်ဝေပေးလျက်ရှိကြောင်း၊ လျှပ်စစ်မီးရရှိမှုအနေဖြင့် တီးတိန်မြို့အား အသေးစားရေအားလျှပ်စစ်နှင့် ဒီဇယ်ဓာတ်အားပေးစက်များဖြင့် အလှည့်ကျ ဓာတ်အား ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ တွန်းဇံမြို့နှင့် ဖလမ်းမြို့ရှိ ပြည်သူ့ဆေးရုံ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်တို့အတွက် ဆိုလာစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်သွယ်ရေးအနေဖြင့် တီးတိန်မြို့နယ်တွင် MEC၊ MPT တယ်လီဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုနိုင်ပြီး တွန်းဇံမြို့နယ်နှင့် ဖလမ်းမြို့နယ်တို့တွင် MPT တယ်လီဖုန်းလိုင်းများ ဆက်သွယ်အသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ဖလမ်းမြို့နယ်တွင် MEC တယ်လီဖုန်းလိုင်း အသုံးပြုနိုင်ပြီဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ် ဒေသဖွံ့ဖြိုးရေးအတွက် သွားလာရေးအဆင်ပြေနိုင်မည့်အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများကို လျှင်မြန်စွာသယ်ယူ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ လုပ်ငန်းကော်မတီဖွဲ့စည်းမှု၊ ကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ တာဝန်များနှင့် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ကော်မတီဝင်များမှလည်း မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြကြောင်း သိရသည်။
ဆက်လက်၍ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ အတွင်း ရေးမှူးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်လုပ်ငန်းကော်မတီဝင်များမှလည်း သက်ဆိုင်ရာ လုပ်ငန်းများအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)မှ ကလေး- ဖလမ်း- ဟားခါးလမ်း၊ သိုင်းငင်း- တီးတိန်လမ်းတို့၏ လမ်းပိုင်းအခြေအနေများနှင့် ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း တင်ပြခဲ့သည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့မှ ပေါင်းစပ်ညှိနှိုင်းပေးပြီး ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအနေဖြင့် ပြည်ထောင်စုအဆင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ထောက်ပံ့ပစ္စည်းများပေးပို့ခြင်းတို့ကို နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့တို့ မှတစ်ဆင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ စစ်ဗျူဟာ(ဟားခါးအခြေချ)စစ်ဗျူဟာမှူး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် လုပ်ငန်းကော်မတီဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။















