■ မုတ်သုံလေအားကောင်းခြင်း၊ လေဖိအားနည်းရပ်ဝန်းရှိခြင်းတို့ကြောင့် ဒေသအများစုတွင် နေရာကွက်မိုးကြီးမည်

■ မုတ်သုံလေအားကောင်းခြင်း၊ လေဖိအားနည်းရပ်ဝန်းရှိခြင်းတို့ကြောင့် ဒေသအများစုတွင် နေရာကွက်မိုးကြီးမည်
Published 3 July 2026

မုတ်သုံလေအားကောင်းခြင်း၊ လေဖိအားနည်းရပ်ဝန်းရှိခြင်းတို့ကြောင့် ဒေသအများစုတွင် နေရာကွက်မိုးကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ဇူလိုင် ၃ ရက် နံနက် ၆ နာရီခွဲ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေခြင်းကြောင့်လည်းကောင်း၊ ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း- အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း ဇူလိုင် ၄ ရက်မှ ၁၁ ရက်အတွက်း နေရာကွက်ပြီး မိုးကြီးမည်ဖြစ်ကြောင်း သိရသည်။

နေရာကွက်မိုးကြီးနိုင်သည့် ဒေသများမှာ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်ဖြစ်ပြီး နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်းလည်း သိရသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ပြီးမိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

ယင်းကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနေခြင်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်း - အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလက အသိပေးထားသည်။

Most Read

Most Recent