နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ
Published 3 July 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ ယနေ့(ဇူလိုင် ၃ ရက်)နံနက်ပိုင်းတွင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာပြီဖြစ်သည်။

လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဇူလိုင် ၃ ရက်မှ ၅ ရက်အထိ လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် လာအိုနိုင်ငံသမ္မတနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းနှင့် လာအိုနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံအမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံခြင်းတို့အပြင် ပြည်နယ်အကြီးအကဲကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။

ထို့အပြင် လာအိုနိုင်ငံရှိ အထင်ကရနေရာများနှင့် ရှေးဟောင်းဘုရားများကို လေ့လာဖူးမြော် သွားမည်ဖြစ်ပြီး ခရီးစဉ်အတွင်း မြန်မာ-လာအို နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးမည်ဖြစ်သည်။

ယခုခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့် ဇနီး​ဒေါ်ကြူကြူလှနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားသည်။

လာအိုနှင့် မြန်မာနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ထိုအချိန်မှစ၍ နှစ်နိုင်ငံအဆင့်၊ ဒေသတွင်းအဆင့်နှင့် နိုင်ငံတကာအဆင့် မူဘောင်များမှတစ်ဆင့် ကဏ္ဍစုံတွင် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ထိန်းသိမ်းထားခဲ့ပြီး လက်ရှိတွင် လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံကြား သံတမန်ဆက်ဆံရေး ထူထောင်မှုသည် အနှစ် ၇၀ ပြည့် ​မြောက်ထားပြီးဖြစ်သည်။

၂၀၂၆ ခုနှစ်အတွင်း လာအိုနိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ထောင်ဆာဗန် ဖုန်ဗီဟေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဇွန် ၁၁ ရက်မှ ဇွန် ၁၃ ရက်အထိ တရားဝင်ခရီးစဉ်လာထားသည်။

အဆိုပါခရီးစဉ်အတွင်း လာအိုနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံ​တော်သမ္မတဦးမင်း​အောင်လှိုင်နှင့်​တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန်တိုးတက်လျက်ရှိမှုနှင့် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ယဉ်ကျေးမှုနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက် မှုများ မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နိုင်ငံ့ခေါင်းဆောင်များ အပြန်အလှန် လည်ပတ်ခဲ့မှု အခြေအနေများ၊ မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကုန်သွယ်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကိုသာမက ဒေသတွင်းနိုင်ငံများ၊ အာဆီယံနိုင်ငံ များနှင့် ဆက်ဆံမှုအခန်းကဏ္ဍကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အတွင်း အကောင်းဆုံးဖြစ်အောင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုနှင့် အာဆီယံဘုံသဘော တူညီချက်(၅)ရပ်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှုနှင့် ရွေးကောက်ခံအစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများအပေါ် လာအိုနိုင်ငံအနေဖြင့် အပြည့်အဝနားလည်မှု ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား ကြုံတွေ့နေရသည့် အခက်အခဲများကို အတူတကွ ရင်ဆိုင်ကျော်လွှားပြီး အပြန်အလှန်ကူညီ ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့သည်။

ထို့ပြင် လာအိုနိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်လာရောက်နိုင်ရေး လာအိုသမ္မတက နိုင်ငံတော်သမ္မတဦးမင်း​အောင်လှိုင်အား ဖိတ်ကြားစာကိုလည်း လာအိုဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြား​ရေးဝန်ကြီးက နိုင်ငံ​တော်သမ္မတ ဦးမင်း​အောင်လှိုင်ထံ​ပေးအပ်ခဲ့သည်။

နိုင်ငံ​တော်သမ္မတဦးမင်း​အောင်လှိုင်သည် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌတာဝန်ထမ်း​ဆောင်စဉ် ၂၀၂၅ ခုနှစ် စက်တင်ဘာလဆန်းက တရုတ်နိုင်ငံသို့ အလုပ်သဘောခရီးသွား​ရောက်စဉ် တရုတ်နိုင်ငံသို့​ရောက်ရှိ​နေသည့် လာအိုသမ္မတ သောင်လောင်ဆီ ဆိုလစ်နှင့် တီယန်ကျင်းမြို့တွင် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်း ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍများ ယခုထက်ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

Most Read

Most Recent