ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းတွင် ခရီးသွားမိဘပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် အမှတ် (၈၃) အဆန်ရထားအား ခေတ်မီ DEMU ရထားတွဲဆိုင်းများဖြင့် စတင်ပြေးဆွဲခြင်းအခမ်းအနားကို ဇူလိုင် ၁ ရက် နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး အမှတ် (၁) စင်္ကြံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာမေသန်းနွယ်၊ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး ဦးနေလင်းထွန်း၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာထူးမောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးနေမင်းထွန်း၊ ဥပဒေချုပ် ဒေါ်ဖြူမာဝေ၊ အတွင်းရေးမှူး ဦးနေဝင်းအောင် တို့နှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြကြောင်း သိရသည်။
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင် က ခေတ်မီ DEMU ရထားတွဲဆိုင်းများ အသုံးပြု၍ ရန်ကုန် - မော်လမြိုင် ရထားလမ်းပိုင်းတွင် စတင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသေးစိတ်တင်ပြခဲ့သည်။
အဆိုပါစတင်ပြေးဆွဲသည့် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းတစ်ဆိုင်းတွင် အထက်တန်းနှစ်တွဲ၊ ပထမတန်း လေးတွဲပါရှိပြီး အထက်တန်းတွင် ၇၂ ဦးနှင့် ပထမတန်းတွင် ၂၄၀ စုစုပေါင်း ၃၁၂ ဦး စီးနင်းလိုက်ပါနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်မှတ်ခနှုန်းထားမှာ ခရီးစဉ် အစအဆုံး အထက်တန်းအတွက် ကျပ် ၂၂၀၀၀ နှင့် ပထမတန်းအတွက် ကျပ် ၁၆၀၀၀ တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါရထားသည် ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်တစ်လျှောက် တိုးကြောင်ကလေး၊ ပဲခူး၊ သိမ်ဇရပ်၊ ကျိုက်ထို၊ သထုံ၊ ပေါင်ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ပြီး ခရီးစဉ်အစအဆုံး ပြေးဆွဲချိန် ၆ နာရီသာကြာမြင့်မည်ဖြစ်ရာ နေ့ချင်းပြန်သွားရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းတွင်ပြေးဆွဲလျက်ရှိသော အမှတ် (၈၁) အဆန်/ အမှတ် (၈၂) အစုန် လူစီးအမြန်ရထားနှင့် ယခုပြေးဆွဲမည့် အမှတ် (၈၃) အဆန်/ အမှတ် (၈၄) အစုန် ခေတ်မီ DEMU လူစီးအမြန်ရထားများ၏ ရထားလက်မှတ်များကို Online Railways Tacketing and Payment System (ORTP) စနစ်ဖြင့် လက်မှတ်များဝယ်ယူနိုင်မည်ဖြစ်ပြီး ခရီးစဉ်အစအဆုံးအတွက် ခုနစ်ရက်နှင့် ကြားဘူတာများအတွက် ငါးရက်ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။















