လေယာဉ်လက်မှတ်အတုဖြစ်နေသဖြင့် သုဝဏ္ဏဘူမိလေဆိပ်တွင် ပိတ်မိနေသည့် မြန်မာအမျိုးသမီးတစ်ဦးအား နေရပ်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။
အဆိုပါ အမျိုးသမီးမှာ အိုမန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လာစဉ် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်အပြောင်းအလဲ (Transit) စီးနင်းရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။
ယင်းသို့ စောင့်ဆိုင်းနေစဉ် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမည့် လေယာဉ်လက်မှတ်မှာ အတုဖြစ်နေသဖြင့် လေဆိပ်အတွင်း ပိတ်မိကာ အခက်အခဲကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
ပိတ်မိနေသည့်အမျိုးသမီးမှာ မြန်မာနိုင်ငံသူ ဒေါ်စောနန်းကြည်ဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ထိုင်းလေဆိပ်ရဲတပ်ဖွဲ့မှ ဇွန် ၂၉ ရက်တွင် ဆက်သွယ်အကြောင်းကြားလာခဲ့သဖြင့် ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက Myanmar Airways International (MAI) လေကြောင်းလိုင်းနှင့် အမြန်ဆုံးညှိနှိုင်းကာ လေယာဉ်လက်မှတ်အား အဆင်ပြေအောင် ပံ့ပိုးစီစဉ်ပေးခြင်း အပါအဝင် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။















