ယခုသီတင်းပတ်အတွင်း ဥရောပဒေသအချို့တွင် အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်သို့ မြင့်တက်လာပြီး ဇွန် ၂၁ ရက်မှ စတင်ကာ ပုံမှန်ထက်သေဆုံးသူဦးရေ ၁,၃၀၀ ကျော် တိုးလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားသည်။
WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒါနွန်က ဇွန် ၂၈ ရက်တွင် လူမှုကွန်ရက်၌ ကြေညာခဲ့ခြင်းဖြစ်ပြီး ပြင်သစ်ပြည်သူ့ကျန်းမာရေးဌာနက ဇွန် ၂၄ ရက်နောက်ပိုင်း ပြင်သစ်တွင် ပုံမှန်မျှော်မှန်းထားသည်ထက် သေဆုံးသူဦးရေ ၁,၀၀၀ ခန့် ပိုများလာကြောင်း ထုတ်ပြန်ခဲ့သည်။
ပါရီမြို့တွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှုကို လျှော့ချနိုင်ရန် စနေ၊တနင်္ဂနွေအတွင်း အများပိုင်နေရာများ၌ အရက်သေစာသောက်စားခြင်းကို တားမြစ်ထားသည်။ ထို့ပြင် အပူရှိန်ပြင်းထန်မှုကြောင့် အီဖယ်မျှော်စင်နှင့် လူဗာပြတိုက်တို့ကိုလည်း ပုံမှန်အချိန်ထက် စောပိတ်ခဲ့သည်။ စပိန်နှင့် ဂျာမနီနိုင်ငံတို့တွင်လည်း အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်စ်အထက်သို့ ကျော်လွန်ကာ စံချိန်တင် ပူပြင်းခဲ့သည်။
ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်ရန်ကြိုးပမ်းမှုအဖြစ် အပူဒဏ်ခံနိုင်မည့် ကျန်းမာရေးစီမံချက်များကို အကောင်အထည်ဖော်ကြရန်လည်း WHO အကြီးအကဲက ဥရောပနိုင်ငံများကို တိုက်တွန်းထားသည်။
Ref: Euro News
Photo: AFP / Reuters















