ဂျပန်လက်ရွေးစင်နောက်ခံလူ နာဂါတိုမိုဟာ ကမ္ဘာ့ဖလား(၅)ကြိမ် ကစားခွင့်ရတဲ့ ပထမဆုံးအာရှကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
အသက်(၃၉)နှစ်ရှိပြီဖြစ်တဲ့ နာဂါတိုမိုဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲကတည်းက ဂျပန်အသင်းနဲ့အတူ ယှဉ်ပြိုင်ခွင့်ရရှိခဲ့သူဖြစ်ပြီး ၂၀၁၄ ကမ္ဘာ့ဖလား၊ ၂၀၁၈ ကမ္ဘာ့ဖလား၊ ၂၀၂၂ ကမ္ဘာ့ဖလားတွေမှာလည်း ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။
အခု ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆက်လက်ရွေးချယ်ခံခဲ့ရပြီး ဆွီဒင်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ လူစားဝင်ကစားခဲ့ရတာကြောင့် ကမ္ဘာ့ဖလား(၅)ကြိမ် ကစားခွင့်ရရှိခြင်းအဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
နာဂါတိုမိုဟာ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းမှာ ကာလရှည်ကစားခဲ့ဖူးသူဖြစ်ပြီး ဂါလာတာစာရေးနဲ့ မာဆေးလ်အသင်းတွေမှာလည်း ကစားခဲ့ဖူးပါတယ်။
လက်ရှိအချိန်မှာတော့ ဂျပန်ကလပ် FC တိုကျိုအသင်းမှာ ကစားနေပါတယ်။
နာဂါတိုမိုဟာ ဂျပန်လက်ရွေးစင်အသင်းအတွက် (၁၄၆)ပွဲ ကစားပေးထားတာကြောင့် ဒုတိယပွဲအများဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်းလည်း သိရပါတယ်။















