နေပြည်တော် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေ

နေပြည်တော် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေ
Published 25 June 2026

ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မြို့အဝင်မုခ်ဦး (Naypyitaw Gate) တည်ဆောက်နေ​ကြောင်း သိရသည်။

အဆိုပါ နေပြည်တော်မြို့အဝင် မုခ်ဦး (Naypyitaw Gate) တည်ဆောက်​ရေးလုပ်ငန်းခွင်သို့ ယနေ့(ဇွန် ၂၅ ရက်)နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည် ဒုတိယသမ္မတများဖြစ်သည့်  ဦးညိုစော၊ ဒေါ်နန်းနီနီအေး နှင့် တာဝန်ရှိသူများလိုက်ပါ၍  သွားရောက်ကြည့်ရှုစစ်ဆေးခဲ့​ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက မြို့အဝင်မုခ်ဦး တည်ဆောက်ရာတွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြောင့် ယာဉ်များသွားလာမှု မပျက်စေရေး ရှောင်ကွင်းလမ်း(By Pass) များ စနစ်တကျဖောက်လုပ်ပေးရန်၊ မုခ်ဦးအား မြန်မာမှုလက်ရာများဖြင့် ခမ်းခမ်းနားနား စနစ်တကျ တည်ဆောက်သွားရန်၊ လမ်းများအား ထောင့်ချိုးများအနည်းဆုံးဖြင့် တည်ဆောက်သွားရန်၊ မုခ်ဦး အဆောက်အဦအား ငလျင်ဒဏ်ခံနိုင်စေရေးနှင့် ခိုင်မာလှပ သေသပ်စွာဆောင်ရွက်ရန်၊ အများ ပြည်သူများ အပန်းဖြေနေရာများနှင့် ကားရပ်နားရန် နေရာများကိုလည်း စနစ်တကျထည့်သွင်း တည်ဆောက်သွားရန်၊ လိုအပ်ပါက လူကူး Underpass များ ထည့်သွင်းလျာထား ဖောက်လုပ် သွားရန်နှင့် အခြားလိုအပ်သည်များ ကို လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်နေမှု လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန် ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေနေပြည်တော်ကို မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် စိမ်းလန်းစိုပြည်သောမြို့ (Green City)၊ သန့်ရှင်းသောမြို့ (Clean City)နှင့် ခေတ်မီနည်း ပညာအခြေပြုမြို့ပြ (Smart City) အဖြစ် ဘက်စုံကဏ္ဍစုံမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး နေပြည်တော်မြို့အဝင် မုခ်ဦး (Naypyitaw Gate) ကိုလည်း မြို့တော်အဝင် အထင်ကရအမှတ်အသားဖြစ်စေရန်၊ မြို့တော်အတွင်းသို့ ဝင်ရောက်လာသူများကို မင်္ဂလာရှိစွာကြိုဆိုရန်၊ နိုင်ငံ၏ မြို့ပြဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်နိုင်ရန်၊ မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းကြောင်းအား ထိန်းသိမ်းဖော်ပြရန် စသည့်ရည် ရွယ်ချက်များဖြင့် တည်ဆောက်​နေခြင်းဖြစ်​ကြောင်း သိရသည်။

Most Read

Most Recent