ယခုနှစ် ဇန်နဝါရီလမှ ဇွန်လနောက်ဆုံးအပတ်အထိ မွန်ပြည်နယ်အတွင်း ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ (၉) ဦးအထိရှိနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှသိရသည်။
ခွေးရူးပြန်ရောဂါကြောင့် မွန်ပြည်နယ် မော်လမြို်ငမြို့နယ်အတွင်း (၃) ဦး၊ ရေးမြို့နယ်၊ သထုံမြို့နယ် နှင့် ဘီးလင်းမြို့နယ်များတွင် (၂) ဦးစီ၊ စုစုပေါင်း (၉) ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
၎င်းကဆက်လက်ပြီး “ပြီးခဲ့တဲ့ (၂၀၂၅)ခုနှစ်က တစ်နှစ်လုံးမှာမှ ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ (၂) ဦးတည်းရှိပေမယ့် အခုနှစ် (၆) လအတွင်းမှာကို သေဆုံးသူက (၉) ဦးအထိရှိနေလို့ပြည်သူတွေအနေနဲ့ အထူးသတိပြုကြဖို့တော့ လိုအပ်နေပါပြီး” ဟု ပြောကြားသည်။
ပြည်သူများအနေဖြင့် မိမိတို့ မွေးမြူထားသည့် ခွေး၊ ကြောင်များအား ကာကွယ်ရေးထိုးပေးရန်၊ ခွေး၊ ကြောင်အကိုက်ခံ၊ အကုတ်ခံရပါ ဆေးမြီးတိုနှင့် မကုကြပဲ ဒဏ်ရာအားချက်ချင်း ဆပ်ပြာ၊ ရေသန့်သန့်တို့ဖြင့်အနည်းဆုံး (၁၅) မိနစ်ကြာအောင်ဆေးပေးရန်၊ ထို့နောက် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ သွားရောက်ပြီး ကာကွယ်ဆေး (Rabies Vaccine) ကို ရက်ချိန်းအတိုင်း ပတ်လည်အောင်ထိုးနှံရန် ၎င်းကဆိုသည်။
“အရေးအကြီးဆုံးက မိဘတွေအနေနဲ့ မိမိရဲ့ကလေးတွေကို လမ်းဘေးခွေးတွေကို မစကြဖို့၊ မကိုင်ကွယ်ကြဖို့သတိပေးစေချင်ပါတယ်။ ခွေးကိုက်ခံရတာတို့၊ ကြောင်ကုတ်ခံရတာတို့ဖြစ်ရင် ဖုံးကွယ်မထားဘဲ မိဘတွေကို ချက်ချင်း ပြောပြကြဖို့အတွက်ကိုလည်း သင်ပြပေးထားကြဖို့လိုအပ်ပါမယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထို့အပြင် မော်လမြိုင်မြို့တွင်လည်း ခွေးလေခွေးလွင့်များကြောင့် ခွေးကိုက်၊ ခွေးဆွဲခံရမှုများ၊ မော်တော်ဆိုင်ကယ်တိမ်းမှောက်မှုများနေ့စဉ်လိုလိုဖြစ်ပွားနေကြောင်းလည်း မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
“မြို့ထဲမှာဆိုရင် ကမ်းနားလမ်းနဲ့ တောင်ရိုးတန်းမှာခွေးလေခွေးလွင့်တွေ တော်တော်များနေတယ်။ ခွေးတွေနားမှာ ဆိုင်ကယ်မောင်းသွားရင် လိုက်ဆွဲတယ်။ ဆိုင်ကယ်မောင်းနေရင်းနဲ့ ရှေ့ကဖြတ်ပြေးလို့ ဆိုင်ကယ်နဲ့တိုက်မိပြီး မှောက်တာတွေလည်းဖြစ်နေတယ်။ လူလည်းထိခိုက်ဒဏ်ရာတွေရသလို၊ ဆိုင်ကယ်လည်းပျက်ဆီးတာတွေဖြစ်နေပါတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးကပြောကြားသည်။
ခွေးလေခွေးလွင့်များအား အစာကျွေးနေကြသူများနေနှင့်လည်း ခွေးစာများကျွေးပြီး ကျန်ရှိသည့် ပလပ်စတစ်အိတ်များအား၊ ဖော့ဖာ၊ ဖော့ဗူးများအား စနစ်တကျသိမ်းဆည်းပေးစေလိုကြောင်း၊ အများပြည်သူသွားလာနေသည့်နေရများတွင် ခွေးစာများအား စုပုံကျွေးမွေးခြင်းကို မလုပ်ဆောင်စေချင်ကြောင်း နှင့် ခွေးလေခွေးလွင့်များ ပွားများလာခြင်းမရှိစေရန် တားဆေးထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးများထိုးနှံပေးခြင်းများ လုပ်ဆောင်ပေးစေလိုပါကြောင်းလည်း ၎င်းမြို့ခံက ဆိုသည်။
အလားတူ မွန်ပြည်နယ် ရေးမြို့နယ် မြို့ပေါ်ရပ်ကွက်များအတွင်း ခွေးလေခွေးလွင့်များ ပေါများလာမှုကြောင့် ပြည်သူများ မကြာခဏခွေးကိုက်ခံရမှုဖြစ်စဉ်များဖြစ်ပွားခြင်း၊ ခွေးကိုက်ခံရမှုကြောင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ရခြင်းများ ပြုလုပ်နေရသည့်အတွက် ပြည်သူများခွေးရူးပြန်ရောဂါဖြစ်ပွားမှုမရှိစေရေးနှင့် အသက်အန္တရာယ်တစ်စုံတစ်ရာစိုးရိမ်ကြောင်းကြမှုမရှိစေရေးအတွက် ရေးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဇွန်လ (၂၄) ရက်မှ ဇွန်လ (၃၀) ရက်အထိ ရေးမြို့ပေါ်ရပ်ကွက်များအတွင်း ခွေးလေခွေးလွင့်များသုတ်သင်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ရေးမြို့ပေါ်ပြည်သူများအနေဖြင့် မိမိမွေးမြူထားသည့် အိမ်မွေးတိရိစ္ဆာန်များအား ပါရှိမှုမရှိစေရေး စနစ်တကျထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးနိုင်ရန် အသိပေးကြေညာချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ဘိုဘိုမြင့်















