ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ တရားမဝင်တရုတ်နိုင်ငံသား လေးဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
လုံခြုံရေးပူးပေါင်းအဖွဲ့များက သက်ဆိုင်ရာနယ်မြေများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူများ အခြေပြုနေထိုင်ခြင်းမရှိစေရန်နှင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ဆောင်ရွက်ခြင်းမရှိစေရန်အတွက် ရှာဖွေဖော်ထုတ် စစ်ဆေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ဇွန် ၂၄ ရက် ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သူ တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား လေးဦးအား ဖုန်းမျိုးစုံ ၃၄ လုံး၊ All In One ကွန်ပျူတာ ၈ လုံး၊ အင်ဗာတာ ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများလုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။















