တပ်မတော်အနေဖြင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းတစ်ခုဖြစ်သော ကလေး-တမူး လမ်းကြောင်းလမ်းပေါ်ရှိ နယ်စပ်ကုန်သွယ် ရေးနှင့် ဆက်သွယ်ရေးအရ အရေးပါသည့် ခါမ်းပါတ်မြို့အား ယနေ့(ဇွန် ၂၀ ရက်)တွင် ပြန်လည် ထိန်းချုပ်သိမ်း ပိုက်နိုင်ခဲ့ကြောင်း သိရသည်။
ကလေး-တမူး လမ်းကြောင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်စစ်ကြောင်းများခွဲ၍ နယ်မြေလုံခြုံရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ခဲ့ရာ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် ဇွန် ၇ ရက်တွင် ကလေး-တမူး လမ်းကြောင်းပေါ်ရှိ သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အရှေ့ခုံသာကျေးရွာ၊ ၅၆ မိုင်ကျေးရွာ ၊ ၅၅ မိုင် ကျေးရွာတို့အား လည်းကောင်း၊ အလားတူ တမူးမြို့ဘက်မှ ချီတက်လာသော တပ်မတော် စစ်ကြောင်းများသည် နန်းမွတ်တားကျေးရွာ၊ ရန်လင်းပိုင်ကျေးရွာနှင့် ၎င်းကျေးရွာအနီး နှစ်နိုင်ငံနယ်စပ်ရှိ အကြမ်းဖက်သမားများအခြေချနေထိုင်သည့် စခန်းတို့ကို လည်းကောင်း၊ ဇွန်လ ၁၃ ရက်တွင် ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင် တမံတို့အား လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် ရန်မျိုးအောင်ကျေးရွာအား လည်းကောင်း၊ ဇွန် ၁၆ ရက်တွင်စော်ဘွားရေရှင်ကျေးရွာအား လည်းကောင်း၊ ဇွန် ၁၇ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာ အား လည်းကောင်း သိမ်းပိုက်ရရှိကြောင်း သိရသည်။
ထို့အတူ ကလေးမြို့ဘက်မှ ချီတက်လာသော တပ်မတော်စစ်ကြောင်းများသည် ဇွန် ၁၉ ရက်တွင် ခွန်နိုင်းကျေးရွာနှင့် နန်းခေါက်ခေါက် ကျေးရွာတို့အား လည်းကောင်း၊ ယနေ့(ဇွန် ၂၀ ရက်)တွင် နန်းကတိတ်ကျေးရွာနှင့် ခါမ်းပါတ်မြို့အား လည်းကောင်း ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး သောင်းကျန်း သူများသည် မြို့၏ မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့သဖြင့် အဆိုပါပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို အသေးစိတ်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခါမ်းပါတ်မြို့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အတွင်းပါဝင်သည့် မြို့နယ်ခွဲတစ်ခုဖြစ်ပြီး အိန္ဒိယနယ်စပ်အနီး၌ တည်ရှိသောကြောင့် ကလေး- တမူးလမ်းကြောင်းပေါ်ရှိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြို့တစ်မြို့ဖြစ်ကာ ခါမ်းပါတ်မြို့အား PDF များက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ယာယီစိုးမိုး၍ မြို့အား စစ်စခန်းအဖြစ် အခိုင်အမာခံစစ်ဆင်ထားခဲ့ရာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပိတ်ဆို့ခဲ့ရပြီး နှစ်နိုင်ငံကုန်စည်စီးဆင်းမှုမရှိတော့ဘဲ ဒေသခံပြည်သူများ၏ ပို့ကုန်/သွင်းကုန်များ စီးဆင်းမှုလည်း ရပ်တန့်ခဲ့ရကြောင်း သိရသည်။
လက်ရှိ တပ်မတော်စစ်ကြောင်းများသည် ခါမ်းပါတ်မြို့အပါအဝင် ပြန်လည် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့/ရွာများ၌ ဒေသခံပြည်သူများ အမြန်ဆုံးပြန်လည် ဝင်ရောက် နေထိုင်နိုင်ရေးအတွက် သောင်းကျန်းသူများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ လမ်းတံတားများပြုပြင်ခြင်းနှင့် မိုင်းရှင်း လင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကလေး-တမူး လမ်းကြောင်းအား အမြန်ဆုံး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တပ်မတော်စစ်ကြာင်းများအနေဖြင့် ကလေး- တမူးလမ်းကြောင်းအား အလုံးစုံ ပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ရေးအတွက် သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းမှု (Counter Terriosm Operation) ဖြင့် လိုအပ်သလို ဆက်လက်၍ တိုက်ခိုက်ချေမှုန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။















