ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် နေအိမ်အတွင်းသို့ ပစ္စည်းခိုးရန် ဝင်ရောက်စဉ် အိပ်ပျော်နေသည့် အမျိုးသမီးငယ်တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ် (၁၂)ရပ်ကွက်နေ ဒေါ်xxxxx(၄၇)နှစ်သည် ဇွန် ၁၉ ရက် နံနက်ပိုင်းတွင် ၎င်း၏နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း အိပ်ယာခုတင်ပေါ်၌ သမီးဖြစ်သူ မxxxxxxxxxx(၁၅)နှစ်အား မိန်းမအင်္ဂါတွင် သုတ်ရည်တွေ့ရှိရပြီး လည်ပင်း ယာဘက်တွင် ဓားဒဏ်ရာတစ်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အဓမ္မပြုကျင့်၍ သတ်ဖြတ်သွားသူအား အရေးယူပေးရန် တိုင်တန်းချက်အရ လှိုင်မြို့မရဲစခန်း(ပ)၁၅၁/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း တရားခံအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ အမျိုးသမီးငယ်အား အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုကျူးလွန်ခဲ့သူ တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာနေ အောင်ကျော်စိုး(ခ)အင်ဂျင်ဝိုင်(၃၈)နှစ်၊ (ဘ)ဦးသိန်းထွန်းအား ယင်းနေ့ ညနေပိုင်းတွင် အဆိုပါကျေးရွာထိပ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိတရားခံ အောင်ကျော်စိုး(ခ)အင်ဂျင်ဝိုင်အား စစ်ဆေးချက်အရ ၎င်းသည် ဇွန် ၁၉ ရက် နံနက် ၁ နာရီခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းသို့ ဝင်ရောက်ကာ iPhone 15 အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေနှစ်သိန်းကျပ်ကို ခိုးယူခဲ့ပြီး အဆိုပါနေအိမ်မှ နှစ်အိမ်ကျော်ရှိ နေအိမ်အတွင်းသို့ ခိုးမှုကျူးလွန်ရန် ထပ်မံဝင်ရောက်စဉ် နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်း အိပ်ပျော်နေသည့် အမျိုးသမီးငယ်တစ်ဦးအား တွေ့ရှိရသဖြင့် အဓမ္မပြုကျင့်၍ ၎င်းယူဆောင်လာသည့် ခဲတံချွန်ခေါက်ဓားဖြင့် လည်ပင်းအား လှီး၍ သတ်ဖြတ်ခဲ့ကာ နေအိမ်မှ ပြန်လည်ထွက်ခွာလာခဲ့ပြီး ၎င်းခိုးယူလာခဲ့သည့် လက်ကိုင်ဖုန်းအား ငွေနှစ်သိန်းကျပ်ဖြင့် ရောင်းချ၍ ရရှိလာသော ငွေများကို အရက်သောက်စားသုံးစွဲခဲ့ပြီး ၎င်းနေထိုင်ရာ တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာသို့ ပြန်လာခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရသည်။
အဆိုပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူ တရားခံ အောင်ကျော်စိုး(ခ)အင်ဂျင်ဝိုင်အား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















