မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို” အား မွန်ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြု

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို” အား မွန်ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြု
Published 19 June 2026

ယနေ့ ဇွန် (၁၉) ရက်၊ နံနက်ပိုင်းအချိန်က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (ပဥ္စမနေ့) တွင် “မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို” အား မွန်ပြည်နယ်လွှတ်တော်၌ ကန့်ကွက်သူမရှိ အတည်ပြုခဲ့ခြင်းဖြစ်သည်။

ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ ဦးသန့်ဇော် မှ တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) တွင် မွန်ပြည်နယ်လွှတ်တော်သို့ တင်သွင်းခဲ့သည့် ယင်းအဆိုနှင့် ပတ်သက်ပြီး ချောင်းဆုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုဝင်းသန်း၊ ကျိုက်ထိုမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မင်းအောင်ထူး၊ ကျိုက်မရောမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထွဋ်၊ သံဖြူဇရပ်မြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးမိုးအောင်၊ ဘီးလင်းမြို့နယ် ကိုယ်စားလှယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ရီ တို့မှ ထောက်ခံဆွေးနွေးခဲ့ကြပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဌာနဝန်ကြီး ဦးတင်ဇော်ထွန်းက အစိုးရအဖွဲ့၏ သဘောထားရှင်းလင်း တင်ပြခဲ့သည်။

ယခုအခါ လုံခြုံရေးအခြေအနေကောင်းမွန်သော နယ်မြေများတွင် လောင်းကစားဝိုင်းများ လျော့နည်းသွားပြီး၊ အမြစ်ပြတ်စေရေးနှင့်ပြန်လည်မရှိစေရေး နည်းလမ်းများဖေါ်ထုတ်၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် မွန်ပြည်နယ်တစ်ခုလုံးလက်နက်ကိုင်အ ကြမ်းဖက်မှုများချုပ်ငြိမ်းပြီး တရားဥပဒေ စိုးမိုးရေးပိုမိုရရှိလာပါက လောင်းကစားဝိုင်းများပပျောက်ရေးအား ပိုမိုဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဦးတင်ဇော်ထွန်း က မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့နောက် အဆိုရှင်ဖြစ်သူ ဦးသန့်ဇော်မှလည်း ဥပဒေဆိုသည်မှာလေးစားလိုက်နာရန်ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း၊ လောင်းကစားမှုများကို ဖမ်းဆီးရန်တာဝန်ရှိပါလျှက် မတားဆီးခဲ့သည့်အတွက် ယခုကဲ့သို့ ထိန်းမနိုင်သိမ်းမရဖြစ်နေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေအရ တားမြစ်ထားသည့် လောင်းကစားမှုများကို တားဆီးပေးရန် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများတွင်တာဝန်ရှိပါကြောင်းနှင့် ဥပဒေနှင့်အညီထိထိရောက်ရောက်တားဆီးဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲသည်။

ထို့နောက် မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးသက်ထွေး က “မွန်ပြည်နယ်အတွင်း တရားဝင်ခွင့်ပြုထားရသကဲ့သို့ ရက်ရှည်လများဆောင်ရွက်နေကြသည့် လောင်းကစားဝိုင်းများအား တားဆီးပိတ်ပင်ပေးရေးအဆို” အား မွန်ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အားလုံးက သဘောတူခဲ့သည့်အတွက်ကြောင့် ယင်းအဆိုအား မွန်ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။



ထို့အပြင် ယခင်မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ခဲ့ကြသည့် ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ဦးတင်ဇော်ထွန်း၊ နိုင်လယိတမ၊ ဒေါက်တာအောင်မြတ်ကျော်စိန် တို့မှာလည်း လက်ရှိမွန်ပြည်နယ်အစိုးရအဖွဲ့တွင် ပြန်လည်ပါဝင်နေကြသူများဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent